/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရှေ့တောင်အာရှတွင်-ကိုဗစ်-covid-19-ရိုက်ခတ်မှု

အရှေ့တောင်အာရှတွင် ကိုဗစ် (Covid-19) ရိုက်ခတ်မှု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

တရုတ်ပြည် ဝူဟန်မြို့က အစပြုခဲ့တဲ့ Covid-19 ဟာ အခုဆိုရင် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးကို ပျံနှံသွားခဲ့ပါပြီ။ ဒါပေမဲ့ အခုချိန်မှာတော့ စတင်ဖြစ်ပွားရာဒေသက အပိုဖွင့်လှစ်ခဲ့တဲ့ ဆေးရုံတွေဟာ ရောဂါတွေ့ရှိတဲ့သူ နည်းလာတာကြောင့် မတ်လ ၁၀ ရက်နေ့မှာ စတင်ပိတ်ကုန်ပါပြီ။ တရုတ်ပြည်ဟာ တစ်နိုင်ငံလုံးကို အဝင်အထွက်တွေ ပိတ်လိုက်ရာကစပြီး တဖြည်းဖြည်း အခြေအနေကောင်းလာတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါပေမဲ့ သူကနေတစ်ဆင့် ပျံနှံသွားခဲ့တဲ့ အခြားနိုင်ငံတွေမှာတော့ အခုချိန်ထိ အသစ်ကူးစက်သူတွေ တိုးလာနေတုန်းပါပဲ။
အရှေ့တောင်အာရှအတွင်းမှာတော့ မလေးရှားနိုင်ငံမှာ ကူးစက်သူအများဆုံး ဖြစ်နေပြီး ဆက်ပြီးတိုးလာနိုင်တဲ့ အခြေအနေတွေကိုလည်း တွေ့နေရပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ လူပေါင်း ၁၆၀၀၀ ကျော် တက်ရောက်တဲ့ ဘာသာရေးအခမ်းအနားတစ်ခု ကျင်းပခဲ့ပြီး စင်ကာပူ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေကပါ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီပွဲ အခမ်းအနားကနေ စတင်ကူးစက်ခဲ့တာဖြစ်ပြီး မတ်လ ၈ ရက်နေ့အထိ ကူးစက်သူ ၉၉ ဦးသာ ရှိခဲ့ရာကနေ တစ်ပတ်အတွင်းမှာ ၂၀၀ ကျော်ကို ခုန်တက်သွားခဲ့ပါတယ်။ ၁၉ ရက်နေ့အထိ သိရတဲ့ အချက်အလက်တွေအရ လူပေါင်း ၉၀၀ နီးပါး ကူးစက်ခံနေရပြီး ၂ ယောက် သေဆုံးခဲ့ပါတယ်။
၁၂ ရက်နေ့မှာ ဘရူနိုင်းက ကူးစက်ခံရသူ ၁၀ ယောက်ရှိပြီး ကူးစက်ခံရသူတွေဟာ မလေးရှားက ဘာသာရေးပွဲကို တက်ရောက်ခဲ့တဲ့လူတွေ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ စင်ကာပူကတော့ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့လူ ၉၅ ယောက်ကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။ မလေးရှားကတော့ တက်ရောက်ခဲ့တဲ့ လူပေါင်း ၁၀၆၅၀ ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ၅၁၃ ယောက်မှာ ပိုးတွေ့တယ်လို့ ဆိုပါတယ်။
စင်ကာပူနဲ့ တောင်ကိုရီးယားဟာ ပြည်ပနိုင်ငံ ဝင်လာတဲ့လူတွေကြောင့် ပြန့်ပွားလာတဲ့ ဒုတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို စတင်ခံစားနေရတာ ဖြစ်ပါတယ်။ စင်ကာပူက တာဝန်ရှိသူတစ်ယောက်ကတော့ သူ့ရဲ့ social media မှာ မလေးရှားနိုင်ငံရဲ့ တာဝန်ရှိတဲ့လူတွေဟာ ဒီလိုပွဲမျိုးကို ကျင်းပခွင့်ပြုခဲ့တဲ့အတွက် အပြစ်မကင်းကြောင်း ရေးသားခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာ မတ်လ ၁၈ ရက်နေ့ကနေစပြီး ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဘာသာရေး ဝတ်ပြုဆုတောင်းပွဲတွေကို ပိတ်ပင်လိုက်ပြီး နိုင်ငံတွင်း အဝင်၊ အထွက်တွေကို တင်းကြပ်ထားပါတယ်။
အင်ဒိုနီးရှားမှာလည်း မတ်လ ၁၈ ရက်နေ့မှာ ၄ ရက်ကြာ ဘာသာရေးဆုတောင်းပွဲ တစ်ကြိမ်၊ ၁၉ ရက်နေ့မှာ လူပေါင်း ၁၅၀၀ လောက် စုဝေးခဲ့တဲ့ ကက်သလစ်ဘာသာရေးပွဲကို တစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့  မတ်လ ပထမပတ်အထိ ကူးစက်သူ မတွေ့သေးတဲ့ အင်ဒိုနီးရှားဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ကူးစက်ခံရသူတွေ ရုတ်တရက် များပြားလာပြီး စုစုပေါင်း ၅၀၀ ကျော်ရှိကာ သေဆုံးသူ ၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ထိုင်းနဲ့ မလေးရှားကတော့ တတိယလှိုင်း ရိုက်ခတ်မှုကို စိုးရိမ်နေကြပြီး ကြိုတင်ပြင်ဆင်နေကြပါတယ်။ ထိုင်းကတော့ တစ်နိုင်ငံလုံး အဝင်အထွက်ကို ပိတ်ချသင့်ရင် ပိတ်ချရမယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံကတော့ သူ့ရဲ့နိုင်ငံသားတွေကို အိမ်ထဲမှာပဲ နေကြဖို့ ပန်ကြားထားပါတယ်။
မြန်မာနိုင်ငံမှာလည်း ပြည်ပက ဝင်ရောက်လာသူ နှစ်ဦးမှာ ရောဂါတွေ့ရှိခဲ့တဲ့အတွက် ပိုမိုဂရုတစိုက် ကာကွယ်ကြဖို့ နှိုးဆော်ထားပါတယ်။ 

Dr. Htar (www.drmyanmar.com)