အလိုလိုနေရင်း တစ်နေ့တခြား ပိန်လာရင် အကြောင်းရင်းရှာဖို့ လိုပါတယ်
လူတိုင်းနီးပါးဟာ တစ်နှစ်တာအတွင်း ပိန်လိုက်ဝလိုက် ဖြစ်လေ့ရှိကြတာ သဘာဝတစ်ခုပါ။ အားလပ်ရက်ကာလများတွင်း တဝတပြဲ စားသောက်မိရာကနေ ၀ိတ်တက်လာနိုင်သလို အလုပ်များသောကာလတွင် အစားအသောက်ပျက်ခြင်းကြောင့်လည်း ပြန်ပိန်သွားနိုင်ပါတယ်။ ဒါဟာ ဖြစ်လေ့ရှိတဲ့ သဘောသဘာဝပါပဲ။ ဒါပေမဲ့ ၆ လအတွင်း သင့်ကိုယ်အလေးချိန်ရဲ့ ၅ ရာနှုန်းလောက်ဟာ ကျဆင်းသွားပါက ၀ိတ်ကျစေသော အကြောင်းရင်းကို ရှာဖွေဖို့ လိုပါတယ်။ ခိုင်လုံသောအကြောင်းရင်း မရှာတွေ့ပါက ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်နေပါပြီ။ အကြောင်းရင်းမရှိဘဲ ပိန်လာခြင်းဟာ ရောဂါတစ်ခုခုကြောင့်လည်းဖြစ်နိုင်သလို အခြားအကြောင်းအရာများကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
ဖြစ်နိုင်တဲ့အကြောင်းအရင်းတွေကတော့ -
(၁) သိုင်းရွိုက်အလုပ်များခြင်း
သိုင်းရွိုက်ဂလင်းဟာ လိုတာထက် ပိုပြီးတက်ကြွနေပါက ကိုယ်အလေးချိန် ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျခြင်းအပြင် ရင်တုန်ခြင်း၊ မကြာခဏ ဗိုက်ဆာခြင်း၊ စိတ်ပူပန်မှုများခြင်း စသော အချက်များရှိပါက သိုင်းရွိုက်နဲ့ ပတ်သက်သောစစ်ဆေးမှုများကို ပြုလုပ်သင့်ပါတယ်။
(၂) အစာစားလိုစိတ် နည်းပါးခြင်း
အသက်ကြီးလာတာနဲ့အမျှ အစာအိမ်ဟာ အစာချေမှု နှေးလာပါတယ်။ ဒါကြောင့် အသက်ကြီးသူများတွင် အစာစားပြီးချိန်မှာ အစာများဟာ အစာအိမ်ထဲတွင် ကြာကြာရှိနေပြီး ဗိုက်မဆာတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တဖြည်းဖြည်း ပိန်လာကြတာ ဖြစ်ပါတယ်။
(၃) အူလမ်းကြောင်းရောဂါရှိခြင်း
ဂျုံတွင်ပါသော ဂလူတန်နဲ့မတည့်သည့် အူရောဂါရှိသူများတွင် ဂလူတန်ပါသောဂျုံဖြင့် ပြုလုပ်သော အစာများကို စားပါက ကိုယ်ခံအားစနစ် ပျက်ယွင်းသွားပြီး အူကနေ အစာအာဟာရများ စုပ်ယူခြင်းကို ပျက်ပြားစေပါတယ်။ ထိုအခါ စားလိုက်သော အစာများမှ အာဟာရများဟာ ကိုယ်ခန္ဓာအတွင်းသို့ မရောက်ရှိတော့ဘဲ ၀ိတ်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၄) စိတ်ကျရောဂါရှိခြင်း
အစာစားလိုစိတ်မရှိခြင်းဟာ စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ စိတ်တိုလွယ်ခြင်း၊ အရက်အသောက်များခြင်း၊ အာရုံစူးစိုက်မရခြင်း၊ အိပ်မပျော်ခြင်း စသော လက္ခဏာများလည်း တွေ့ရတတ်ပါတယ်။
(၅) ပန်ကရိယယောင်ခြင်း
ပန်ကရိယဟာ အစာချေခြင်းကို ကူညီပေးတဲ့ အင်ဇိုင်းများကို ထုတ်ပေးသော ကိုယ်တွင်းကလီစာ ဖြစ်ပါတယ်။ ပန်ကရိယယောင်ခြင်းကြောင့် အစာ ပုံမှန်စားနေသူများတွင်တောင် အချိန်တိုတွင်း ကိုယ်အလေးချိန်ကျခြင်းကို ဖြစ်စေပါတယ်။ ပန်ကရိယယောင်ခြင်းကြောင့် ကိုယ်အလေးချိန်ကျခြင်းအပြင် ဗိုက်နာခြင်း၊ ဝမ်းသွားရင် အဆီပါခြင်း၊ ဝမ်းပျက်ခြင်း စသည်တို့ပါ ဖြစ်ပေါ်နိုင်ပါတယ်။
(၆) ဆီးချိုရောဂါ
ဆီးချိုရောဂါဖြစ်စကာလတွင် ကိုယ်အလေးချိန် ကျဆင်းနိုင်ပါတယ်။ ဆီးချိုရောဂါကြောင့် ကြွက်သားများရှိ အာဟာရများကို ကိုယ်ခန္ဓာက စုပ်ယူလိုက်တာမို့ ကိုယ်အလေးချိန် မြန်ဆန်စွာကျစေပါတယ်။
(၇) ကင်ဆာရောဂါ
အစာအိမ်နှင့်အူများတွင် ကင်ဆာအကျိတ်များ ဖြစ်ပေါ်သောအခါ အစာအာဟာရများကို ကောင်းစွာ မစုပ်ယူနိုင်တော့တာမို့ ၀ိတ်ကျခြင်း ဖြစ်စေနိုင်ပါတယ်။ ထို့ပြင် အခြားသောကင်ဆာများရဲ့ ဆိုးကျိုးအနေနဲ့လည်း အစာစားလိုစိတ်ကျစေပြီး ပိန်လာစေပါတယ်။
(၈) နာတာရှည်ရောဂါများ
တီဘီ၊ အေအိုင်ဒီအက် နှင့် အခြားသော ရောဂါပိုးများကြောင့်လည်း ကိုယ်အလေးချိန်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























