/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အလုပ်ခွင်မှာ-စိတ်ဖိစီးမှု-ကင်းစင်ဖို့

အလုပ်ခွင်မှာ စိတ်ဖိစီးမှု ကင်းစင်ဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အလုပ်ခွင်မှာ အချိန်မီ ပြီးပြတ်အောင်လုပ်ရမယ့် အလုပ်တွေ၊ အထက်လူကြီးရဲ့ တင်းကျပ်တဲ့ကွပ်ကဲမှုတွေ၊ အချင်းချင်း ပြိုင်ဆိုင်မှုတွေကြားမှာ စိတ်ဖိစီးမှုတွေ များတတ်ကြတာ မဆန်းလှပါဘူး။ ဒီလိုစိတ်ဖိစီးမှုတွေကို ဖြေလျော့ဖို့ ဘာတွေလုပ်ကြမလဲ?

          လေ့လာမှုတွေအရဆိုရင် လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုတွေများတဲ့သူတွေ ကမ်ဘာပေါ်မှာ ပိုပိုပြီး များလာပါသတဲ့။ ဒီလိုလုပ်ငန်းခွင် စိတ်ဖိစီးမှုတွေဟာ ကိုယ်ကျန်းမာရေးကိုလည်း ဒုက္ခပေးလာနိုင်ပါတယ်။ အအေးမိဖျားနာတာတွေ ပိုဖြစ်လာတာကနေစလို့ နှလုံးရောဂါတွေ၊ ဇီဝကမ္မလွန်ကဲရောဂါစုတွေထိ ဖြစ်လာနိုင်ပါတယ်။ အခုခေတ်မှာ စိတ်ဖိစီးမှုမရှိတဲ့ အလုပ်ရယ်လို့လည်းမရှိတာကြောင့် အဓိက,ကတော့ စိတ်ဖိစီးမှုကို ဘယ်လိုဖြေဖျောက်ရမယ်ဆိုတာ သိထားသင့်တာပေါ့။

 

၁။     နေ့တစ်နေ့ကို ပျော်ပျော်ရွှင်ရွှင် စတင်ပါ။

          ကမန်းကတန်း အိပ်ရာထ၊ ကလေးတွေကို မနက်စာကျွေး၊ ကျောင်းပို့၊ ကျပ်ပိတ်သိတ်နေတဲ့ ကားလမ်းကြောင်းကို ဖြတ်သန်း၊ လမ်းမှာ မနက်စာ ကော်ဖီတစ်ခွက် အမြန်မော့သောက်ရတဲ့အခါ မနက်ခင်းဟာ မလှပနိုင်တော့သလို အလုပ်ခွင်ရဲ့ ဖိစီးမှုတွေကိုလည်း ပိုပြီးခံရတော့တာပေါ့။ ဒါကြောင့် မနက်စာကို ကောင်းကောင်းစား၊ သေချာစီမံအကြံအစည်ချပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စတင်မယ်ဆိုရင် အလုပ်ခွင်ရဲ့ဖိစီးမှုတွေကလည်း တော်တော်ကို လျော့ကျသွားမှာ ဖြစ်ပါတယ်။

 

၂။     လိုအပ်ချက်တွေကို သေချာသိအောင် လုပ်ပါ။

          အလုပ်တစ်ခုမှာ ဘာတွေ ဘယ်လောက်လုပ်ဖို့ လိုအပ်တယ်ဆိုတာ သေချာမသိတဲ့အခါ စိတ်ပင်ပန်းရတော့တာပါပဲ။ ဘယ်လောက်လုပ်ရမယ် မသိတဲ့အခါ၊ ခဏလေးနဲ့ တစ်ချိန်လုံး အပြောင်းအလဲတွေ များလာတဲ့အခါ လိုအပ်တာထက် စိတ်ဖိစီးမှုတွေ များလာတော့တာပါပဲ။ ဒါကြောင့် အကောင်းဆုံးက ကိုယ် ဘာတွေလုပ်ဖို့ လိုအပ်တယ်၊ အလုပ်ပြီးမြောက်ဖို့ ဘယ်လိုတွေလုပ်ရမယ်ဆိုတာ ကိုယ့်အထက်လူကြီးကို သေချာမေးမြန်းပါ။ ဒီလိုဆိုရင် ကိုယ့်မှာရော၊ ကိုယ့်အထက်လူကြီးမှာပါ စိတ်ဖိစီးမှုတွေ လျော့ကျသွားမှာ အမှန်ပါပဲ။

 

၃။     ရန်ဖြစ်တာတွေ ရှောင်ပါ။

          လုပ်ဖော်ကိုင်ဖက် အချင်းချင်း မတည့်တဲ့အခါ စိတ်ရောကိုယ်ပါ ပင်ပန်းရပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက်တော့ ပြဿနာမဖြစ်အောင် နေပါ။ အတင်းမပြောပါနဲ့။ နိုင်ငံရေး၊ ဘာသာရေးစတာတွေမှာ ကိုယ့်အတွေးအမြင်တွေကို တတ်နိုင်သလောက် မပြောပါနဲ့။ အတင်းအဖျင်းတွေ၊ လှောင်ပြောင်တာတွေကို တတ်နိုင်သလောက်ရှောင်ပါ။ လူတော်တော်များများနဲ့ မတည့်တဲ့လူတွေကို တတ်နိုင်သလောက် ရှောင်ပါ။ ကိုယ်က ပြဿနာ စရှာတာမဟုတ်ဘဲ ပြဿနာထဲ ကိုယ်က အလိုလိုပါသွားရင်လည်း မှန်မှန်ကန်ကန် တုံ့ပြန်တတ်ပါစေ။

 

၄။     စနစ်တကျနေပါ။

          နဂိုက စည်းကမ်းမရှိတဲ့သူဆိုရင်တောင်မှ အလုပ်ကို ကြိုတင်စီစဉ်ခြင်းဖြင့် အလုပ်ခွင် စိတ်ဖိစီးမှုတွေ တော်တော် လျော့ကျသွားမှာပါ။ အချိန်ကို စနစ်တကျ အသုံးချခြင်းဖြင့် မနက်မှာ အလုပ် အချိန်မီအောင် မနည်းပြေးလွှားရတာ၊ ညနေဘက်မှာ အချိန်မီပြီးအောင် ပြေးလွှားလုပ်ရတာတွေ နည်းသွားမှာပါ။

Enervon-C Adult 1

၅။     သက်သောင့်သက်သာဖြစ်အောင် နေပါ။

          နောက်ထပ်အလုပ်ခွင်မှာ စိတ်ဖိစီးမှုဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုကတော့ ခန္ဓာကိုယ် သက်သောင့်သက်သာ မရှိခြင်းပါပဲ။ ဥပမာအားဖြင့် ထိုင်လို့မကောင်းတဲ့ခုံမှာ ထိုင်နေတာကြောင့် ခါးနာပြီး တခြားအကြောင်းအရာတွေကိုပါ အလိုလို စိတ်တိုဒေါသထွက်နေတာမျိုးပေါ့။ ဆူဆူညံညံအသံတွေကလည်း စိတ်အာရုံထွေပြားစေပြီး စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အေးဆေးငြိမ်သက်ပြီး အာရုံတစ်ခုတည်းထားလုပ်ဖို့ လိုပါတယ်။

 

၆။     အလုပ်တွေ တစ်ပြိုင်နက်လုပ်တာ ရှောင်ပါ။

          အလုပ်တွေ တစ်ပြိုင်နက်လုပ်ခြင်းအားဖြင့် အာရုံတွေများပြီး ဟိုအလုပ်လည်း ကောင်းကောင်းမပြီး၊ ဒီအလုပ်လည်း ကောင်းကောင်းမပြီး ဖြစ်တတ်ပါတယ်။

 

၇။     နေ့လယ်စာစားချိန်မှာ လမ်းလျှောက်ပါ။

          လူအများစုဟာ လှုပ်ရှားမှုနည်းပါးလာတာကြောင့် ရောဂါမျိုးစုံကို ခံစားရလာပါတယ်။ ဒီလိုမဖြစ်ရအောင်ရော၊ စိတ်ဖိစီးမှုတွေ ပြေပျောက်စေဖို့အတွက်ရော နေ့လယ်စာစားချိန်လေးမှာ လမ်းလျှောက်ပေးပါ။

 

၈။     အရာရာပြစ်မျိုးမှဲ့မထင် ဖြစ်ချင်စိတ်ကို လျှော့ပါ။

          အကောင်းဆုံး လုပ်လုပ်နိုင်ခြင်းဟာ ပင်ပန်းထားသမျှကို အမောပြေစေနိုင်ပေမယ့် အရာအားလုံးကို ပြစ်မျိုးမှဲ့မထင် ဖြစ်ချင်နေရင်တော့ ကိုယ်ရော၊ ကိုယ့်ဘေးကလူတွေပါ စိတ်ပင်ပန်းရတတ်ပါတယ်။ အထူးသဖြင့် အင်မတန် အလုပ်များပြီး အလျင်အမြန်လုပ်ရတဲ့ အလုပ်မျိုးမှာပေါ့။ ကိုယ်နိုင်စွမ်းသလောက် အကောင်းဆုံးလုပ်ပြီး ရလာတဲ့ရလဒ်ကို လက်ခံ၊ ကိုယ့်ကိုယ်ကို ပြန်ချီးမွမ်းတာမျိုး လုပ်မှသာ စိတ်ကျေနပ်မှုရပြီး စိတ်ဖိစီးမှုတွေ သက်သာမှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)

Enervon-C Adult 2

(Unicode)










Dr. Mya Phoo Ngon (www.drmyanmar.com)