အလွမ်းအဆွေးဇာတ်ကား အကြည့်များသူတွေ စိတ်ခံနိုင်ရည် ပိုမြင့်သတဲ့ ...
အလွမ်းအဆွေးဇာတ်ကားတွေ အကြည့်များသူတွေဟာ အင်ဒိုဖင်ဟော်မုန်း များလာပြီး နာကျင်မှုနဲ့ သောကတွေကို ခံနိုင်ရည်ရှိလာတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။
အောက်စဖို့တက္ကသိုလ်မှ သုတေသနပညာရှင်တွေက အလွမ်းအဆွေးဇာတ်ကားတွေဟာ ချစ်မြတ်နိုးမှု၊ အတူတည်ရှိမှုတို့ကို ခံစားချက်ကောင်းစေပြီး နာကျင်မှုတွေကို လျော့ပါးစေကြောင်း ရှာဖွေတွေ့ရှိထားပါတယ်။
လူ 169 ယောကိကို ပြုလုပ်ခဲ့တဲ့ သုတေသနမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို မေးမြန်းစစ်ဆေးပြီး နာကျင်မှု သုတေသန လုပ်ကြည့်ကြပါတယ်။ အဲဒီအခါ အလွမ်းဇာတ်ကားကြည့်သူတွေဟာ နာကျင်မှုတွေ 13.1 ရာခိုင်နှုန်း လျော့ပါးသွားပါသတဲ့။
ဒါပေမဲ့ သုတေသနမှာ စောဒကတက်စရာဟာ လူတွေက တစ်ဦးနဲ့တစ်ဦး ခံစားချက် အခြေခံချင်း မတူညီနေတဲ့အချက် ဖြစ်ပါတယ်။
အလွမ်းဇာတ်ကားကြည့်ပြီး တဗြဲဗြဲ ငိုချင်နေသူတွေရှိသလို၊ ဘာလဲဟလို့ တခွီခွီ လုပ်နေမယ့် အုပ်စုကလည်း ရှိနေပါတယ်။ ရုပ်ရှင် အတူကြည့်ဖူးသူတွေဆို သိပါတယ်။ တချိူ့တွေက စိတ်မခိုင်ဘဲ တရှုံ့ရှုံ့ဖြစ်နေသလောက် တချို့တွေက အေးဆေးစွာ ဆက်ကြည့်နိုင်ကြပါတယ်။ ရုံထဲက ထွက်လာတော့လည်း ရင်ထဲမှာ ဘာမှမကျန်သလို အေးဆေးပါပဲ။
ဒါပေမဲ့ သေချာတာတစ်ခုက အလွမ်းဇာတ်ကားတွေ ကြည့်တဲ့သူတွေဟာ ဇာတ်ကားအပြီးမှာ မျှဝေခံစားမှုတွေ လူတွေအပေါ် အတူရှိနေချင်တဲ့ ချစ်ခြင်းမေတ္တာတွေ ပိုမိုတိုးတက်လာတယ်လို့ သုတေသနပညာရှင်များက ဆိုထားပါတယ်။
ရုပ်ရှင်တွေ၊ ပုံပြင်တွေဆိုတာ ကိုယ့်ဘဝနဲ့ ထိကပ်နီးစပ်နေတဲ့အခါ ပိုမိုခံစား နားလည်နိုင်ပြီး တခြားစီ ဖြစ်နေတဲ့အခါ သိပ်အရေးမလုပ်ဖြစ်တဲ့ ခံစားချက်ကို ရရှိပါတယ်။ တကယ်တော့ လူတွေရဲ့ စိတ်ခံစားမှုတွေဆိုတာ သိပ္ပံပညာက လိုက်မှီနိုင်တဲ့ အတိုင်းအတာ ဝေးနေပါသေးတယ်လို့ပဲ ပြောရမှာပါပဲ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























