အလှတိုးမယ့်မှဲ့က ဘဝမဆိုးရလေအောင်
ပုံမှန်မှဲ့ရှိတာ၊ မှဲ့ပေါတာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမှဲ့ကနေမှ အပြောင်းအလဲတွေ ဖြစ်လာတယ်။ သွေးထွက်လာတယ် ဆိုရင်တော့ အန္တရာယ်လက္ခဏာတစ်ခုခု ဖြစ်နိုင်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်မှာ ရှိနေတဲ့မှဲ့မှာ ဘယ်လိုပြောင်းလဲလာတာကို စောင့်ကြည့်ရမလဲဆိုရင် -
• မှဲ့အချိုးအစား မကျနခြင်း
• မှဲ့ရဲ့ဘေးဘောင်အနား ပုံမမှန်ခြင်း
• မှဲ့အရောင် ပြောင်းလာခြင်း
• မှဲ့အလုံးက ခဲတံဖင်မှာပါတဲ့ ခဲဖျက်ထက် ပိုကြီးနေခြင်း
• အရွယ်သိသာစွာ ပြောင်းလဲလာခြင်း
အမေရိကန် အရေပြားဆိုင်ရာ အသင်းကတော့ အထက်ပါလက္ခဏာတွေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကို ညွှန်ပြနေတဲ့လက္ခဏာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်၍ ကိုယ့်ရဲ့ မိသားစုမျိုးရိုးထဲမှာ အရေပြားကင်ဆာ ဖြစ်ဖူးတဲ့ရာဇဝင် ရှိတယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ မှဲ့တွေကို ပိုပြီးသေချာစောင့်ကြည့်ဖို့ လိုပါတယ်။ အမြဲစစ်ဆေးကြည့်နေပါ။ မှဲ့ပြောင်း၊ မပြောင်း မသေချာဘူးဆိုရင် မှဲ့ကို 6 လတစ်ကြိမ် ဓာတ်ပုံရိုက်ထားပြီး ပြန်တိုက်ကြည့်ခြင်းအားဖြင့် အပြောင်းအလဲကို ပိုပြီးသတိထားမိနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























