/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဝလွန်တဲ့လူတွေဟာ-covid-19-ကူးစက်ခံရရင်-အန္တရာယ်ပိုများပါတယ်

အဝလွန်တဲ့လူတွေဟာ Covid-19 ကူးစက်ခံရရင် အန္တရာယ်ပိုများပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အဝလွန်တဲ့လူတွေဟာ Covid-19 ကူးစက်ခံရရင် နှလုံံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိတဲ့လူတွေထက်  အသက်အန္တရာယ် ပိုများပါတယ်တဲ့။ နောက်ပြီး Covid-19 ဟာ အသက် ၇၀ ကျော်လူကြီးတွေ၊ ရောဂါကြောင့် ကိုယ်ခံအားကို နှိမ့်ချတဲ့ ဆေးသောက်နေရသူတွေ၊ အဆုတ်ရောဂါရှိသူတွေ၊ ကင်ဆာဖြစ်နေသူ၊ ဖြစ်ဖူးသူတွေအတွက်လည်း အန္တရာယ်များပါတယ်။ ဒါကြောင့် သူတို့တွေအနေနဲ့ ပိုပြီးဂရုစိုက်ကာကွယ်ရပါမယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေမယ်၊ လက်ကို မကြာခဏဆေးမယ်၊ အားရှိတဲ့အစားအစာတွေ များများစားရပါမယ်။
Oxford တက္ကသိုလ်ဆေးရုံက Dr. Banerjee ကတော့ ဒီလိုရှင်းပြပါတယ်။ အဝလွန်တဲ့လူတွေမှာ ပိုပြီးအသက်အန္တရာယ်များတယ်ဆိုတာ သူတို့ရဲ့အဆီတစ်သျှူးတွေကြောင့် ခန္ဓာကိုယ်ကလီစာတွေဟာ ရောင်ရမ်းနေပါတယ်။ ဒါ့အပြင် အဝလွန်တဲ့လူတွေရဲ့ ကျောက်ကပ်၊ အသည်း စတာတွေကလည်း မသိလိုက်ဘဲ ပျက်စီးနေတာများလို့ ပိုးကူးစက်ခံရရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုပြီးခံစားရတာဖြစ်ပါတယ်တဲ့။
ဒါနဲ့ပတ်သက်ပြီးတော့လည်း သုတေသနတွေ ဆက်လုပ်ရမယ်လို့ သူက ဆိုပါတယ်။ ဒါမှသာ ဘယ်လိုလူတွေက ပိုပြီးအန္တရာယ်များတယ်၊ နောက်ပြီး အဝလွန်တဲ့လူတွေကို သက်သက်ဆီ ခွဲထားသင့်လား၊ အသည်းအဆီဖုံးတဲ့လူနာတွေကို ပိုပြီးကြာကြာခွဲထားသင့်လား စတာတွေကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
အသည်းအဆီဖုံးရောဂါကို လူတော်တော်များများဟာ သူတို့ကိုယ်တိုင်မသိလိုက်ဘဲ ခံစားနေရတာ များပါတယ်။
US ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကနေပြီး နိုင်ငံပေါင်း ၉၉ နိုင်ငံက လူတွေကို လေ့လာထားတာရှိပါတယ်။ Corona virus ကူးစက်ခံရတဲ့လူတွေမှာ ဘယ်လိုလူတွေက ဆိုးဆိုးရွားရွား ခံစားရတယ်၊ ဘယ်လိုရောဂါအခံနဲ့ လူတွေကတော့ ဆေးရုံတင်ဖို့ လိုတယ်ဆိုတာမျိုးပေါ့။
ဒီအခါမှာ အသက် ၆၅ နှစ်အထက်လူတွေမှာ ကူးစက်ရင် သွေးတိုး၊ ဆီးချိုရှိတဲ့လူတွေဟာ ဆေးရုံတင်ဖို့ လိုအပ်တာကို တွေ့ရပါတယ်။ အသက် ၅၀ အောက်တွေမှာတော့ ဆေးရုံတက်ရတဲ့ ၆၀% ဟာ အဝလွန်တဲ့လူတွေဖြစ်ပြီး ကျန် ၁၈% က သွေးတိုး၊ ၁၉% ဟာ ဆီးချိုနဲ့ ၄% က နှလုံးရောဂါရှိတဲ့လူတွေ ဖြစ်နေပါတယ်။
အသက် ၅၀-၆၄ အတွင်းက ဆေးရုံတက်ရတဲ့ လူနာတစ်ဝက်လောက်က အဝလွန်တဲ့လူတွေ ဖြစ်ပါတယ်။ ၆၅ နှစ်အထက်တွေမှာလည်း ၄၀% လောက်က အဝလွန်တဲ့လူတွေ ဖြစ်နေပြန်ပါသေးတယ်။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ စားတာနဲ့ ဝတာဟာ အသည်းအဆီဖုံးတာနဲ့ ဆက်စပ်နေပါတယ်။ အဲလိုလူနာတွေမှာ ဗိုင်းရပ်စ် ကူးစက်ခံရရင် နောက်ဆက်တွဲရောဂါတွေက ပိုမိုပြင်းထန်တာ တွေ့ရပါတယ်။ ဒါ့အပြင် ပိုးက ပိုပြီးကြာကြာနေတာကို တွေ့ရပါတယ်။ သာမန်လူတွေထဲမှာ ၁၂ ရက်လောက်နေရင် အသည်းရောဂါရှိသူမှာ ၁၇ ရက်လောက်နေတယ်လို့ ဆိုပါတယ်။

Dr. Htar (www.drmyanmar.com)