အသက်ငယ်ငယ်မှာ နှလုံးသွေးကြော ပိတ်နိုင်သလား?
နှလုံးသွေးကြောပိတ်တယ်ဆိုတာ အသက် ၅၀ ကျော်သူတွေမှာ ဖြစ်တတ်တယ်ဆိုပြီး သိထားကြပေမယ့် တကယ်တော့ ဘယ်အသက်မှာမဆို ဖြစ်နိုင်ပါတယ်။ နှလုံးသွေးကြောပိတ်သူ အယောက် ၁၀၀ မှာ ၈ ယောက်ဟာ အသက် ၅၅ အောက် ဖြစ်နေတာကို တွေ့ရပြီး နှလုံးသွေးကြောပိတ်သူ အမျိုးသမီး ၄ ယောက်မှာ ၁ ယောက်ဟာ အသက် ၆၀ အောက်မှာ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အသက်ငယ်သူ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ နောက်ကျမှ သိရတတ်တဲ့အတွက် ပိုပြီးသေဆုံးနှုန်း များတယ်လို့ သိရပါတယ်။
ဟန်နာဟာ နှလုံးသွေးကြောပိတ်ဝေဒနာ စတင်ခံစားရချိန်မှာ အသက် ၂၆ နှစ်ပဲ ရှိပါသေးတယ်။ အင်္ဂါနေ့ တစ်မနက်မှာ အိမ်ရှင်းနေရင်းနဲ ရုတ်တရက် ချောင်း အကြီးအကျယ် ဆိုးလာပါတယ်။ ပြီးတော့ ရင်ဘတ် အလယ်တည့်တည့်က ဆိုးဆိုးရွားရွား စူးနာလာပြီး လဲကျသွားပါတော့တယ်။ ဘယ်ဘက်လက် တစ်လျှောက်နဲ့ ရင်ဘတ်မှာ လေးလေးကြီး ဖြစ်နေသလို နာရီအနည်းငယ်ကြာ ခံစားနေရပါတယ်။
အရေးပေါ်ကား ရောက်လာပြီး ECG ဆွဲတဲ့အခါ နှလုံးသွေးကြောပိတ်တယ်လို့ သိရပေမယ့် အသက်ငယ်ပြီး ဖြစ်စေတဲ့ အကြောင်းရင်းတွေ မရှိတာကြောင့် နှလုံးသွေးကြော ဓာတ်မှန်ရိုက်ပြီးမှသာ တကယ် နှလုံးသွေးကြောပိတ်တယ်လို့ ဆရာဝန်တွေ လက်ခံကြပါတယ်။
ဒီတေ့ာမှသာ ဟန်နာမှာ ပုံမှန်ထက် သွေးခဲနှုန်း ပိုများတဲ့ Antiphospholipid Syndrome ရောဂါ ရှိကြောင်း သိရပါတယ်။
>> နှလုံး ဖောက်ပြီးနောက်
နှလုံးဖောက်ပြီးနောက်မှာတော့ ဟန်နာဟာ နေ့စဉ်လူနေမှုပုံစံကို စတင်ပြောင်းလဲလာပါတယ်။ အဆီများတဲ့ငါးတွေကို စားလာပြီး ယောဂကျင့်စဉ်တွေ လေ့ကျင့်လာပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ပြီး စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျော့ကျလာပါတယ်။
ဒါ့အပြင် သွေးခဲခြင်းကို ကာကွယ်ပေးမယ့်ဆေးတွေ သောက်နေရပြီး ရင်ဘတ် ဆွဲဆုတ်ထားသလို အောင့်လာရင်၊ ရင်ဘတ်ထဲ လေးလေးကြီးဖြစ်ပြီး ဘယ်ဘက်လက်မောင်းတစ်လျှောက် ပြန့်သွားရင်၊ အသက်ရှူကြပ်ပြီး အန်ချင်လာရင်၊ အသားအရေ ပြာလာရင် အရေးပေါ်ကို အမြန်ဆုံးပြေးဖို့ မမေ့ပါနဲ့။ အထူးသဖြင့် အမျိုးသမီးတွေမှာ ရင်ဘတ်အောင့်လာပြီး မူးမေ့လဲသွားတာမျိုး မဖြစ်တတ်တဲ့အတွက် ဂရုမထားမိဘဲ သေဆုံးနိုင်ခြေ ပိုများပါတယ်။
>> လှုပ်ရှားမှုနဲ့ နှလုံးကျန်းမာရေး
လှုပ်ရှားမှု များသူတွေမှာ နှလုံးရောဂါနဲ့ လေဖြတ်လေဖြန်းရောဂါတွေကို ၅၀% လောက် လျှော့ချနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သွေးပေါင်ကျစေခြင်း၊ ဆီးချိုအမျိုးအစား (၂) ကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းပေးခြင်း၊ ကျန်းမာရေးကို ကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
လှုပ်ရှားမှု အရမ်းများသူတွေ (တစ်နေ့ကို ၅ နာရီနဲ့အထက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း ပြုလုပ်သူတွေ) မှာ အားကစားသမား နှလုံးဆိုတဲ့ အခြေအနေတစ်ခု ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းတွေကြောင့် နှလုံးရဲ့ ပုံမှန်ပြောင်းလဲမှုတစ်ခုပဲ ဖြစ်ပါတယ်။
နှလုံးကျယ်လာပြီး နှလုံးခုန်နှုန်း နှေးလာကာ ခုန်တဲ့အချက်တိုင်း သွေးများများ ပိုညှစ်ထုတ်ပေးပါတယ်။ ဘာကုသမှုမှ လုပ်စရာ မလိုပါဘူး။ အန္တရာယ်လည်း မရှိပါဘူး။ ဒါပေမဲ့ အားကစားသမား မဟုတ်သူတွေမှာ တွေ့လာရရင်တော့ သတိထားပါ။ သေချာစစ်ဆေး ကုသဖို့ လိုပါလိမ့်မယ်။
>> အားကစားသမားများ ရုတ်ရက် သေဆုံးခြင်း
ရုတ်တရက် နှလုံးရပ် သေဆုံးခြင်းဟာ လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာလည်း ဖြစ်တတ်ပါတယ်။ ဘောလုံးသမားတစ်ယောက် ပရီးမီယားလိဒ်ဘောလုံးပွဲ ကန်နေရင်း ရုတ်တရက် သေဆုံးတာမျိုးဟာ ဖြစ်နိုင်ပေမယ့် အလွန့်အလွန် ရှားပါတယ်။
မျိုးရိုးဗီဇလိုက် နှလုံးရောဂါကြောင့် ဖြစ်နိုင်သလို နှလ့ုးသွေးကြောပိတ်တာလည်း ဖြစ်နိုင်ပါတယ်။
ရုတ်တရက် နှလုံးရပ် သေဆုံးခြင်းဟာ အလွန်အဖြစ်နည်းပေမယ့် စိုးရိမ်ရင်တေ့ာ ဆရာဝန်နဲ့ ပြသကြည့်ပါ။ အထူးသဖြင့် မိသားစုထဲမှာ နှလုံးရောဂါ၊ ရုတ်တရက် မူးလဲကျတာမျိုးတွေ ရှိခဲ့ရင် စစ်ဆေးကြည့်ပါ။ ကြိုတင်လက္ခဏာ ဘာမှမပြဘဲ အားကစားသမားများ လေ့ကျင့်ခန်းလုပ်ချိန်မှာ ရုတ်တရက် မူးမေ့သလို ဖြစ်တာမျိုးလောက်သာ ရှိတတ်ပါတယ်။
လူတိုင်းလူတိုင်းအတွက် လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ နှလုံးအတွက် ကောင်းပါတယ်။ ဟန်နာဖြစ်သလို၊ ဘောလုံးသမားဖြစ်သလို အသက်ငယ်ရွယ်သူတွေမှာလည်း ရုတ်တရက် နှလုံးဖောက်တာမျိုးတွေလည်း ရှိနိုင်တာကြောင့် ရောဂါလက္ခဏာတွေကို သေချာဂရုတစိုက် ကြည့်ရှုဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























