အသက်ရှည်ရှည် နေချင်ပါသလား ... သွေးပေါင်ချိန် ထိန်းပါ
သွေးတိုးရောဂါဟာ အဖြစ်များသလို အင်မတန်လည်း ကြောက်ဖို့ကောင်းတဲ့ရောဂါတစ်ခုပါပဲ။ သွေးတိုးရောဂါကြောင့် နှလုံးဖောက်တာ၊ လေဖြတ်လေဖြန်းတာ၊ ကျောက်ကပ်ပျက်တာ စတာတွေ ခံစားလာရတတ်ပါတယ်။ ဒါပေမယ့်လည်း ကုရလွယ်၊ ကာကွယ်ရလွယ်တဲ့ရောဂါမို့လို့ ကြိုတင်ကာကွယ်ခြင်းဖြင့် ဒီဆိုးကျိုးတွေမှ ရှောင်ရှားနိုင်ပါတယ်။
သွေးတိုးရောဂါဟာ ဘာလက္ခဏာမှမပြပါဘူး။ ဒါပေမဲ့ အသက်အန္တရာယ် ရှိစေတတ်ပါတယ်။
ဒါကြောင့် အသံတိတ်လူသတ်သမားလို့ ခေါ်ကြပါတယ်။ ဘာလက္ခဏာမှမရှိပေမယ့် တဖြည်းဖြည်းချင်း ပိုပိုဆိုးလာပြီး အလစ်တိုက်တတ်တဲ့ ရောဂါမျိုးပေါ့။ အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေကို မဖျက်ဆီးမချင်း လက္ခဏာမပြတတ်တာ သူ့လက်နက်ပဲပေါ့။ စောစောစီးစီးသာ ထိန်းချုပ်နိုင်မယ်ဆိုရင် နောက်ဆက်တွဲပျက်စီးမှုတွေကို ကာကွယ်နိုင်မှာပါ။ ကမ္ဘာတစ်လွှားမှာ ကာကွယ်လို့ရရက်နဲ့ သေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်းထဲပါပါတယ်။
>> ဒါပေမဲ့ လူတွေကတော့ သွေးတိုးဆို ပေါ့ပေါ့တွေးတတ်ကြပါတယ်။
သွေးတိူးရှိနေသူ ၃ ပုံ ၁ ပုံလောက်က ရှိလို့ရှိနေမှန်း မသိတတ်ကြပါဘူး။ ရောဂါရှိမှန်းသိသူ တစ်ဝက်လောက်ကလည်း သွေးတိုးကိုပုံမှန်မထိန်းနိုင်ကြပါဘူး။ ဆေးခန်းလာသူ အများစုကတော့ ဆေးကိုခေါင်းကိုက်တော့မှ၊ နေထိုင်မကောင်းတော့မှ သောက်ကြတာ များပါတယ်။ ဒါပေမဲ့ သွေးတိုးကျဆေးတွေဟာ မှန်မှန်သောက်ပေးရမယ့်ဆေးမျိုးပါ။
>> သွေးတိုးရောဂါဆိုတာ နာတာရှည်ရောဂါတစ်မျိုးမှန်း မသိတတ်ကြပါဘူး။
လတ်တလောကပဲ လူနာတစ်ယောက်က သွေးမတိုးတော့ဘူးဆိုတော့ ဆေးရပ်လိုက်လို့ရပြီလား မေးတာကြုံဖူးပါတယ်။ ကိုယ်အလေးချိန်ကို လုံးလုံးလျော့ချပစ်တာ၊ ဆားနဲ့ ဆိုဒီယမ်တွေ အစားလျှော့တာ စသဖြင့် လူနေမှုပုံစံတွေ မပြောင်းနိုင်ဘူးဆိုရင်တော့ သွေးတိုးကျဆေးကို မသေမချင်း ဆွဲသောက်ရမှာပါ။ ဆရာဝန်က မရပ်ခိုင်းမချင်းပေါ့။
>> ဆေးတစ်မျိုး အလုပ်မဖြစ်ရင် နောက်တစ်မျိုး ပြောင်းလို့ရပါတယ်။
ဆရာဝန်ညွှန်လိုက်တဲ့ဆေးတစ်မျိုးက ဆိုးကျိုးတစ်ခုခုပေးနေရင် စိတ်မပူပါနဲ့။ နောက်ထပ်ဆေးတွေ ပြောင်းပေးလို့ ရပါတယ်။ တချို့တွေဆို သွေးတိုးထိန်းဖို့ ဆေး ၃ မျိုးလောက် ပေါင်းသောက်နေရတတ်တာမျိုးတောင် ရှိနိုင်ပါတယ်နော်။
>> အိမ်မှာ သွေးပေါင်တိုင်းတိုင်းပေးတာ ကောင်းပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာပေါ့။
သွေးတိုးလုတိုးဆဲဖြစ်နေတာပဲဖြစ်ဖြစ်? သွေးတိုးရောဂါရှိနေပြီပဲဖြစ်ဖြစ် အိမ်မှာ ကိုယ့်လက်မောင်းနဲ့ကိုက်မယ့် သွေးပေါင်တိုင်းစက်ကလေး ဆောင်ထားဖို့ လိုပါတယ်။ အသက်ကြီးတဲ့လူတွေကျတော့ ပိုအရေးကြီးတာပေါ့။ ဆေးတွေ အများကြီးသောက်နေရတော့ အိမ်မှာ ချိန်ချိန်ပေးထားခြင်းဖြင့် ဆရာဝန်နဲ့ပြတဲ့အခါ ဆေးအတိုးအလျှော့လုပ်ပေးရ လွယ်ကူပါတယ်။
>> ဆေးကို ညဘက်သောက်ပါ။
မနက်ဘက်ထက်စာရင် ညဘက် ဆေးသောက်ပေးတာက သွေးတိုးကို ကောင်းကောင်းထိန်းပေးနိုင်ပြီး နှလုံးနဲ့သွေးကြောရောဂါတွေကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။
>> ဆားကို လျှော့စားပေးနိုင်ရင် အင်မတန်အကျိုးများပါတယ်။
လူတစ်ယောက်ဟာ တစ်နေ့ကိုဆိုဒီယမ် ၁၅၀၀ မီလီဂရမ်လိုအပ်ပါတယ်။ ဒါပေမဲ့ အများစုက ၄၀၀၀ မီလီဂရမ်လောက်ထိ စားနေကြတာကို တွေ့ရပါတယ်။ ပေါင်မုန့်တို့၊ ကိတ်မုန့်တို့နဲ့ အသင့်စား အစားအသောက်တွေမှာ ပါဝင်နေတဲ့ ဆိုဒီယမ်ဓာတ်ဟာ သွေးတိုးစေတဲ့ အဓိကအကြောင်းရင်းပါ။ ခေတ်က အစားအသောက်တွေ တဖြည်းဖြည်းနဲ့ ဆားငန်ငန်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြုပြင်ထားတဲ့အစားအသောက်တွေ၊ ရယ်ဒီမိတ် အသင့်စားအစားအသောက်တွေကိုရှောင်ပြီး ဆားအစား ဟင်းခတ်အမွေးအကြိုင်တွေကို စားသောက်ပေးဖို့ အကြံပေးလိုပါတယ်။
>> လူနေမှုပုံစံ ပြောင်းလဲပေးတာက အဓိကပါ။
စားသောက်ပုံတွေ ပြောင်းလဲပစ်တာ၊ လေ့ကျင့်ခန်းလုပ်ပေးတာ၊ ကိုယ်အလေးချိန်ချတာ၊ ဆေးလိပ်ဖြတ်တာစတာတွေဟာ သွေးတိုးအပေါ် အကျိုးသက်ရောက်မှု အများကြီးရှိပါတယ်။ အပေါ်သွေးကို ၁ဝလောက်ချနိုင်ရင် နှလုံးဖောက်ဖို့၊ လေဖြတ်ဖို့ကို ၃၅-၅၀% လောက်အထိ လျော့ချပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချလိုက်ရုံနဲ့တင် သွေးပေါင်က ၅ ကနေ ၂၀ လောက်အထိ ကျနိုင်ပါတယ်။ ဒါကြောင့် တစ်ခုလေး ပြောင်းလဲလိုက်ရုံနဲ့ ကိုယ့်အသက်ကိုကိုယ် ကယ်တင်နိုင်ပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























