/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသက်ရှူမဝတာ-ဘာလို့လဲ

အသက်ရှူမဝတာ ဘာလို့လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နည်းနည်းလောက် လမ်းလျှောက်လိုက်တာနဲ့ အသက်ရှူမ၀သလိုဖြစ်ပြီး မောပန်းတတ်ပါသလား?

          ညဘက်တွေမှာ အသက်ရှူမ၀သလိုဖြစ်ပြီး နိုးလာလို့ ပြတင်းပေါက်ဘေးနားသွား လေရှူနေရတတ်ပါသလား?

          အသက်ရှူမဝတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး  နောက်ခံအကြောင်းအရင်း အတော်များများကြောင့် ဖြစ်နေတတ်ပါတယ်။ အတွေ့ရများတဲ့ အကြောင်းအရင်းတွေကတော့ -

●        ပန်းနာရင်ကြပ်ရောဂါဟာ ချောင်းဆိုး ရင်ကြပ်နေတတ်ပြီး ဓာတ်မတည့်တာတွေကြောင့် ဖြစ်စေပါတယ်။ ပန်းနာရင်ကြပ် ရှိနေသူဟာ အလိုလိုနေရင်းလည်း အသက်ရှူမဝပါဘူး။

●        နာတာရှည် အဆုတ်ရောင်ရောဂါကြောင့် အဆုတ်နှစ်ဖက်လုံးက ပွနေကြီးနေပြီး မနက်အစောတိုင်း ချောင်းဆိုး ချွဲကပ်ပါတယ်။ ဆေးလိပ်ကြောင့်ဖြစ်ပြီး ထိန်းဆေး၊ အာဖြန်းဆေးတွေနဲ့ ကုသရတာပါ။

●        အဆုတ်သွေးခဲရောဂါဟာ ခြေသလုံးသွေးခဲတွေကနေ လာရောက်ပိတ်ဆို့တာဖြစ်ပြီး ခြေသလုံးတစ်ဖက် ရောင်လာကာ ရုတ်တရက် အလွန်မောလာတတ်ပါတယ်။

●        မီးလောင်တဲ့အခါ မီးခိုးမွှန်နေတဲ့အခါ အသက်ရှူမဝတာကတော့ လေထုထဲက ကာဗွန်မိုနောက်ဆိုက်ပမာဏ များလို့ပါ။

●        ဓာတ်မတည့်တာတွေကြောင့် အသက်ရှူကြပ်တာ၊ မောတာတွေဖြစ်စေပြီး ယားယံတာ၊ အကွက်ထတာတွေပါ ဖြစ်စေပါတယ်။

●        တစ်ခုခုသီးတဲ့၊ ပိတ်တဲ့အခါ အသက်ရှူလမ်းကြောင်း ပိတ်သွားပြီး မောလာပါတယ်။

●        နမိုးရီယား အဆုတ်ရောင်ရောဂါကြောင့် အဆုတ် လေဝင်လေထွက် အလွန်အားနည်းသွားပြီး မောလာပါတယ်။

●        သွေးပေါင်ကျရင် တရိပ်ရိပ် မူးလာပြီး မောလာတတ်ပါတယ်။

●        နှလုံးမကောင်းတဲ့အခါ အလွန်မောလာပါတယ်။ လှေကားတက်လည်း မော၊ အိပ်နေရင်းလည်း မောလို့ ထထိုင်နေရတတ်ပါတယ်။

●        အဝလွန်သူတွေဟာ အိပ်ရေးကောင်းကောင်း မဝတဲ့အပြင် အသက်ရှူမဝတာကြောင့် အလွန်မောလာတတ်ပါတယ်။

●        ဆေးလိပ်သောက်သူတွေ အဆုတ်ပွနေတတ်တာကြောင့် အမောမခံနိုင်ကြပါဘူး။

●        အဆုတ်မှာ အကျိတ်အဖုရှိတဲ့အခါ လေဝင်နှုန်း အားနည်းတာကြောင့် မောလာပါတယ်။

●        နံရိုးတွေ ကျိုးတဲ့အခါ ကျိုးတဲ့နေရာက အဆုတ်က သိပ်အလုပ်မလုပ်တဲ့အတွက် အောက်ဆီဂျင် နည်းသွားပြီး မောလာပါတယ်။

●        စိတ်ပူ စိတ်ညစ်တာတွေ သိပ်များရင်လည်း မောလာပါတယ်။

●        သွေးအားနည်းတဲ့အခါ သွေးဆဲလ်တွေမှာ အောက်ဆီဂျင် အားနည်းတဲ့အတွက် နုံးချိတာ၊ မောတာတွေ ဖြစ်စေပါတယ်။

          အသက်ရှူမ၀ မောပန်းတယ်ဆိုတာ နောက်ခံအကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်တာမို့ ပေါ့ပေါ့ဆဆမနေဘဲ ရောဂါရှာဖွေကုသဖို့ အကြံပြုပါရစေ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)