/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသင့်စား-ခေါက်ဆွဲခြောက်နှင့်-ကျန်းမာရေး

အသင့်စား ခေါက်ဆွဲခြောက်နှင့် ကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ယခုခေတ်မှာ ဈေးသက်သာပြီး စားသုံးရလွယ်ကူတဲ့ အသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေ ခေတ်စား လာပြီး ကမ်ဘာတစ်၀ှမ်း စားသုံးမှုလည်း မြင့်မားလာပါတယ်။ တကယ်က ခေါက်ဆွဲခြောက်တွေမှာ ကယ်လိုရီနည်းသလို အမျှင်ဓာတ်နဲ့ အသားဓာတ်ပါ၀င်မှုလည်း နည်းပါတယ်။

          အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ကယ်လိုရီပါ၀င်မှု နည်းတဲ့အတွက် ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ သုံးနိုင်တယ်လို့ ထင်ရပေမယ့် အမှန်တကယ် ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အသုံးမ၀င်ပါဘူး။

          အမျှင်ဓာတ်နဲ့ အသားဓာတ်ပါ၀င်မှု နည်းပေမယ့် သံဓာတ်၊ ဖောလိတ်၊ မဂ္ဂနိစ်နဲ့ ဗီတာမင်ဘီတွေ ပါ၀င်ပါတယ်။

          အချို့အသင့်စား ခေါက်ဆွဲခြောက်တွေမှာ အချိုမှုန့် ပါ၀င်ပါတယ်။ လေ့လာမှုအချို့အရ အချိုမှုန့် မြင့်မားစွာ စားသုံးခြင်းက ကိုယ်အလေးချိန်တက်ခြင်း၊ သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ပျို့အန်ခြင်းတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

          အချိုမှုန့် အသင့်အတင့် စားသုံးခြင်းကတော့ အဆင်ပြေပါတယ်။ အချိုမှုန့်ကို အသင့်အတင့် စားသုံးခြင်းက ဘာမှမဖြစ်ဘူးဆိုပေမယ့် အချိုမှုန့်ဒဏ်ကို မခံနိုင်တဲ့သူတွေမှာ ခေါင်းကိုက်ခြင်း၊ ကြွက်သား တောင့်တင်းခြင်း၊ ထုံကျဉ်ခြင်းတွေ ဖြစ်စေတဲ့အတွက် အချိုမှုန့်စားသုံးမှုကို ကန့်သတ်ထားသင့်ပါတယ်။

          ခေါက်ဆွဲခြောက် စားသုံးသူတွေက အချို့သော အာဟာရဓာတ်တွေကို ရရှိနိုင်ပေမယ့် အသားဓာတ်၊ ကယ်ဆီယမ်၊ ဗီတာမင်စီ၊ ဖော့စ်ဖရပ်၊ သံဓာတ်နဲ့ ဗီတာမင်အေ သိသိသာသာ ရရှိမှုနည်းပါတယ်။ ဒါ့အပြင် ခေါက်ဆွဲခြောက် စားသူတွေက မစားသူတွေနဲ့စာရင် ဆိုဒီယမ်လို့ခေါ်တဲ့ ဆားဓာတ်နဲ့ ကယ်လိုရီ ပိုများပါတယ်။

          ခေါက်ဆွဲခြောက်အလွန်အကျွံစားခြင်းက နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ လေဖြတ်ခြင်း စတာတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီဓာတ် လျော့နည်းခြင်း၊ အ၀လွန်ခြင်း၊ တက်ကြွမှုနည်းခြင်း စတာတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

          အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ဆားပါ၀င်မှု များတဲ့အတွက် အငန်ဓာတ်နဲ့ မတည့်တဲ့သူတွေမှာ သွေးတိုးခြင်း စတဲ့ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။

 

>>    အသင့်စား ခေါက်ဆွဲခြောက်တွေကို ဘယ်လိုရွေးချယ်ကြမလဲ?

- မကြာခဏ ခေါက်ဆွဲခြောက် စားလေ့ရှိတယ်ဆိုရင်တော့ ဆားပါ၀င်မှုနည်းတဲ့ ခေါက်ဆွဲခြောက်တွေကိုသာ   ရွေးချယ်ပါ။

- ခေါက်ဆွဲပြုတ်ထဲကို အရွက်တွေ၊ အသားတွေ ထည့်စားပါ။ ဒါမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွက်ပေးနိုင်ပါတယ်။

          အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ခေါက်ဆွဲခြောက်တွေကို အမြဲစားသုံးတာ မကောင်းပါဘူး။ တစ်ခါတလေ စားသုံးတာကတော့ ပြဿနာမရှိပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)