အသည်းကင်ဆာအကြောင်း
ကင်ဆာဆိုတဲ့ နာမည်ဆိုးကြီးဟာ အင်မတန်မှ နားခါးစရာပါ။ ဘယ်သူဘယ်ဝါတော့ဖြင့် အသည်းကင်ဆာဖြစ်လို့ ဆုံးသွားသတဲ့ ... စသဖြင့် စကားသံတွေ ကြားဖူးနေကြတော့ ပိုပြီးကြောက်ကြမှာပေါ့။
သတိထားရအောင် အသည်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေနဲ့ အကြောင်းရင်းတွေကို ပြောပြပေးပါ့မယ်နော်။
အသည်းကင်ဆာရဲ့လက္ခဏာတွေအနေနဲ့ ...
အသည်းကင်ဆာဟာ တော်ရုံအဆင့် မလွန်ခင်အထိ ဘာလက္ခဏာမှ မပြတတ်ပေမယ့်
● မရည်ရွယ်ပါဘဲ ကိုယ်အလေးချိန်ကျခြင်း
● အစားအသောက်ပျက်ခြင်း
● နည်းနည်းလေးပဲ စားတာတောင် စားပြီးတာနဲ့ ဗိုက် အရမ်းပြည့်နေခြင်း
● နေမကောင်း၊ ပျို့အန်ခြင်း
● ဗိုက်နာခြင်း၊ အလုံးအကျိတ်စမ်းမိခြင်း
● အသားတွေ၊ မျက်လုံးတွေဝါခြင်း
● အသားယားယံခြင်း
● အရမ်းပင်ပန်းပြီး နုံးနေခြင်း စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ဒီလိုလက္ခဏာတွေ ခံစားလာရရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါတယ်။ ပိုးဝင်တာလိုမျိုး တခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် စစ်ဆေးကြည့်တာတော့ မမှားဘူးပေါ့။
အသည်းခြောက်ရောဂါ၊ အသည်းရောင် အသားဝါ စီပိုးရောဂါတွေ ရှိနေနှင့်ရင်လည်း ဆရာဝန်နဲ့ပြကြည့်ဖို့ လိုအပ်ပါတယ်။
>> အသည်းကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ -
အသည်းကင်ဆာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကိုတော့ တိတိပပ မသိပေမယ့် အသည်းကို ထိခိုက်မိပြီး အမာရွတ်တွေဖြစ်နေတဲ့ အသည်းခြောက်ခြင်းကြောင့် အဓိကဖြစ်တတ်ပါတယ်။
အသည်းခြောက်တာဟာ -
● နှစ်ပေါင်းများစွာ အရက်ကို အများကြီး သောက်သုံးခြင်း
● နာတာရှည် အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ရှိနေခြင်း
● သံဓာတ်လွန်ကဲရောဂါ
● သည်းခြေလမ်းကြောင်း ပျက်စီးတဲ့ မျိုးရိုးဗီဇရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။
ဒါ့အပြင် အဝလွန်ခြင်းနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကလည်း အသည်းအဆီဖုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အသည်းကင်ဆာမဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် -
● အရက် ဖြတ်ပါ၊ လျှော့ပါ။
● ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။
● လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
● အသည်းရောင် အသားဝါရောဂါမှ ကာကွယ် ကုသပါ။
အခုခေတ်နှောင်းပိုင်းမှာ အသည်းကင်ဆာဖြစ်နှုန်းဟာလည်း တရိပ်ရိပ် တိုးတက်လို့လာပါတယ်။ အဓိကကတော့ အရက် အလွန်အကျွံသောက်တာ၊ အဝလွန်တာနဲ့ ဘီပိုး၊ စီပိုးတွေကြောင့်ပါပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























