/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းပြည်တည်ခြင်းအကြောင်း-သိကောင်းစရာ

အသည်းပြည်တည်ခြင်းအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရပ်ကွက်ထဲက လူကြီးတစ်ယောက် ဖျားပြီး အသားတွေ ဝါလာတာကို ပေါ့ပေါ့ဆဆနေမိတာ ဟော ... သိပ်မကြာပါဘူး ဆုံးသွားပါရော။ ရင်ခွဲစစ်ဆေးကြည့်တော့မှ အသည်းပြည်တည်တာတဲ့လေ။ ဒါဆို အသည်းမှာရော ပြည်တည်နိုင်သလား၊ အသည်းပြည်တည်ခြင်းက ဒီလောက်တောင် ဆိုးရွားသလားဆိုတာ သိချင်ကြပါလိမ့်မယ်။

          အသည်းပြည်တည်ခြင်းဆိုတာ အသည်းတစ်နေရာတွင် ပြည်အိတ်ဖြစ်ပေါ်နေခြင်းကို ဆိုလိုပြီး အလျင်အမြန် မကုသပါက နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါလိမ့်မယ်။

●        ဘက်တီးရီးယား၊ မှိုနဲ့ ကပ်ပါးပိုးများ ဝင်ရောက်ရာကနေ ဖြစ်ပေါ်နိုင်ပါတယ်။

●        ထိုပိုးများဟာ ဝမ်းဗိုက်တွင်းရှိ အခြားသော ကလီဇာများကနေတစ်ဆင့် သွေးကြောထဲသို့ ရောက်ရှိပြီး ထိုကတစ်ဆင့် အသည်းကို ဝင်ရောက်ခြင်း ဖြစ်ပါတယ်။

●        အသည်းကို ထိခိုက်ဒဏ်ရာရခြင်းနဲ့ ခွဲစိတ်ခြင်းများ ပြုလုပ်ပြီးနောက်လည်း ဖြစ်ပေါ်နိုင်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

          ပိုးဝင်ခြင်းဖြစ်ပေါ်ပြီး ၂ ပတ်မှ ၄ ပတ်အကြာတွင် အောက်ပါလက္ခဏာများကို တွေ့ရပါတယ်။

●        ချမ်းတုန်ဖျားခြင်း

●        မအီမသာဖြစ်ခြင်း

●        ဗိုက်ညာဘက်ခြမ်းအပေါ်တွင် နာခြင်း

●        ကိုယ်အလေးချိန်ကျခြင်း

●        ပျို့အန်ခြင်း

●        ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ၂ ခုလုံး တစ်ပြိုင်နက်ဖြစ်ခြင်း

●        ချောင်းဆိုးခြင်း

●        ရင်ဘတ်အောင့်ခြင်း၊ ပခုံးနာခြင်း

●        မျက်စိနဲ့ အရေပြားဝါခြင်း

 

>>    ကုသနည်း

●        ပိုးသတ်ဆေးများ သောက်ခြင်း / သွေးကြောမှသွင်းခြင်း

●        အသည်းရှိ ပြည်အိတ်မှပြည်များကို အပ်ဖြင့် စုပ်ထုတ်ခြင်း

●        အာထရာဆောင်း၊ စီတီစကင် (CT scan)၊ MRI ရိုက်ခြင်းတို့ဖြင့် အဖြေရှာ ကုသနိုင်ပါတယ်။

 

>>    နောက်ဆက်တွဲဆိုးကျိုးများ

●        ပြည်အိတ်ပေါက်ခြင်း (အရေးပေါ်အခြေအနေ)

●        အခြားသော အစိတ်အပိုင်းများ (ဗိုက်ခေါင်း၊ အဆုတ်၊ နှလုံး၊ ဦးနှောက်၊ မျက်စိ) သို့ ပိုးများ ပျံ့နှံ့ခြင်း၊ သွေးဆိပ်တက်ခြင်း

●        အသက်သေဆုံးခြင်း

          အသည်းပြည်တည်ခြင်းဟာ အသက်သေဆုံးသည်အထိ ဆိုးကျိုးပေးနိုင်တာမို့ ဖျားခြင်း၊ ဗိုက်ညာဘက်အပေါ်ခြမ်း နာကျင်ခြင်းနဲ့ အသားဝါခြင်းတို့ ဖြစ်ပေါ်ပါက ဂရုတစိုက် ကုသမှု ခံယူသင့်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)