/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းပြည်တည်နာ

အသည်းပြည်တည်နာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         အသည်းထဲမှာ ပြည်တွေ အစုလိုက်ဖြစ်နေတာကို ပြည်တည်တယ်လို့ ခေါ်ပြီးတော့ ဒီကနေပြီးတော့ ပိုပြီးဆိုးရွားတဲ့ပြဿနာတွေ မဖြစ်လာအောင် ကုသမှုခံယူဖို့ လိုပါတယ်။

 

>>    အသည်းထဲမှာ ပြည် ဘာကြောင့်တည်သလဲ?

          အများအားဖြင့်တော့ ဘက်တီးရီးယားပိုး၊ ကပ်ပါးပိုးတွေနဲ့ မှိုတွေစွဲလို့ အသည်းပြည်တည်ရပါတယ်။ ပြည်တည်စေတဲ့ ပိုးအမျိုးအစားအပေါ်မှာ မူတည်ပြီးတော့မှ ပြည်တည်နာတွေကို ခွဲခြားနိုင်ပါတယ်။

          ဒီပြည်တည်စေတဲ့ ရောဂါပိုးတွေက အသည်းကနေပြီးတော့ -

●        ဝမ်းဗိုက်ထဲမှာရှိတဲ့ သည်းခြေအိတ်၊ သည်းခြေပြွန်၊ အူ၊ အူအတက် အခြားအင်္ဂါတွေဆီ ပျံ့နှံ့သွားနိုင်သလို

●        သွေးကြောတွေထဲကနေမှတစ်ဆင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသည်းနဲ့ ဝေးတဲ့အခြားနေရာတွေဆီကိုလည်း ပျံ့သွားနိုင်ပါတယ်။

●        ခွဲစိတ်ပြီးနောက် (သို့) အသည်းကို ထိခိုက်ဒဏ်ရာရပြီးနောက်တွေမှာ ဖြစ်နိုင်ပါတယ်။

 

>>    အသည်းထဲမှာ ပြည်တည်နေတဲ့ ရောဂါလက္ခဏာတွေ

          အသည်းထဲမှာ ပြည် စတည်ရာကနေပြီးတော့ ၂-၄ ပတ်လောက်ကြာမှ လက္ခဏာပြတတ်ပါတယ်။ လက္ခဏာတွေကတော့ -

●        ချမ်းတုန် ဖျားခြင်း၊ ချေွးများထွက်ခြင်း

●        နေလို့ထိုင်လို့ မကောင်းခြင်း

●        ဝမ်းဗိုက်အပေါ်ပိုင်း ညာဘက်မှာ အောင့်ခြင်း

●        ကိုယ်အလေးချိန် ကျခြင်း

●        ပျို့ခြင်း၊ အန်ခြင်း၊ (သို့) ပျို့အန်ခြင်း

●        ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း (သို့) ၂ ခုလုံးဖြစ်ခြင်း

●        ချောင်းဆိုးခြင်း

●        ရင်ဘတ်အောင့်ခြင်း၊ ပခုံးနာခြင်း

●        မျက်လုံးနှင့် အသားအရေများ ဝါခြင်း (အသားဝါ)

 

>>    ကုထုံးများ

          ပြည်တည်နာအမျိုးအစားပေါ် မူတည်ပြီးတော့ ကုသဖို့လိုပါတယ်။ ဘယ်လိုပြည်တည်နာမျိုးလည်း ဆိုတာကို သိဖို့အတွက် အရေပြားကနေပြီးတော့ ပြည်တည််နာရှိတဲ့နေရာအထိ အပ်ထိုးပြီးတော့ ပြည်အနည်းငယ်ကို နမူနာ စုပ်ယူရပါတယ်။ အများအားဖြင့်တော့ ဆေးရုံမှာ ကုထုံးစပြီးတော့မှ အိမ်မှာ ဆက်ပြီးတော့ ကုစေပါတယ်။ ကုထုံးတွေကတော့ -

●        ပိုးသတ်ဆေး စတဲ့ ဆေးတွေကို သွေးကြောကနေတစ်ဆင့် သွင်းပြီး ကုသနိုင်သလို သောက်ဆေးအနေနဲ့လည်း ကုသနိုင်ပါတယ်။ ပိုးသတ်ဆေးကို ရက်သတ္တပတ် အနည်းငယ် (သို့) ဒီထက် ပိုပြီးတော့သောက်ဖို့ လိုပါတယ်။

●        ပြည်တည်နာထဲမှာရှိတဲ့ ပြည်တွေကို ဖောက်ထုတ်ခြင်း - ဆရာဝန်က အပ် (သို့) ပြွန်သုံးပြီးတော့ အရေပြားကနေတစ်ဆင့် ပြည်တွေကို ဖောက်ထုတ်ပါလိမ့်မယ်။ ပိုဆိုးတဲ့အနာတွေမှာတော့ ဆရာဝန်က အရေပြားမှာ အသည်းကို ရောက်ဖို့အတွက် အရေပြားမှာ ဓားရာပေးဖို့ လိုပါတယ်။

●        အများအားဖြင့် ကုသမှုပေးပြီးတဲ့နောက်မှာ အာထရာဆောင်း၊ CT, MRI စတာတွေ ရိုက်ပြီးတော့ ပြန်ကြည့်ဖို့လိုပါတယ်။

 

>>    အသည်းပြည်တည်နာရဲ့ ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ

●        ပြည်တည်နာ ပေါက်ထွက်ခြင်း

●        ရောဂါပိုးတွေက ဝမ်းဗိုက်ထဲ၊ အဆုတ်၊ နှလုံး၊ ဦးနှောက်နဲ့ မျက်လုံးတွေဆီကို ပျံ့သွားခြင်း

●        အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။

 

>>    ဆရာဝန် ဘယ်အချိန်သွားပြဖို့လိုလဲ?

          အောက်ပါလက္ခဏာတွေထဲက တစ်မျိုးခံစားရပြီဆိုရင်တော့ ဆရာဝန်သွားပြပါ။

●        ဆေးသောက်နေပေမယ့်လည်း ဖျားတာ၊ ဗိုက်အောင့်တာတွေက မပျောက်ဘဲနဲ့ ပိုဆိုးလာရင်

●        မျက်လုံးနဲ့ အသားတွေ ဝါလာရင်

●        အသက်ရှူရ ခက်လာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)