/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းရောင်ခြင်း

အသည်းရောင်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အသည်းရောင်ခြင်းအမျိုးအစားများ

        အသည်းရောင်ခြင်သည် ဗိုင်းရပ်စ်ပိုးအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးအမျိုးအစားတွေ ကတော့ အသည်းရောင် A ပိုး, B ပိုး နဲ့ C ပိုး တို့ပဲဖြစ်ပါတယ်။ အသည်းရောင် A ပိုးရဲ့ ရောဂါလက္ခဏာတွေ ကတော့ အစာအိမ်ဗိုင်းရပ်စ်နဲ့ ဆင်တူလေ့ရှိပြီး အများစုမှာ တစ်လအတွင်းသက်သာသွားပါတယ်။ အသည်းရောင် B နဲ့ C ကတော့ ရုတ်တရက်နေမကောင်းဖြစ်စေပြီး အသည်းကင်ဆာနဲ့ အသည်းခြောက်ခြင်း တို့ထိ ဖြစ်စေနိုင်ပါတယ်။

 

မသန့်ရှင်းခြင်းကြောင့် ပျံ့နှံ့တတ်သောအသည်းရောင်ခြင်း

        ရောဂါရှိတဲ့သူရဲ့ မစင်အညစ်အကြေးတွေနဲ့ ညစ်ပတ်နေတဲ့ အစားအစာတွေနဲ့ ဖျော်ရည်တွေကို စားသုံးခြင်းဖြင့် အသည်းရောင် A ပိုးဟာ ပျံ့နံ့ှနိုင်ပါတယ်။ ထို့ပြင် အသည်းရောင်ရောဂါရှိတဲ့သူနဲ့ ပူးပူးကပ်ကပ်နေခြင်းဖြင့်လည်း ကူးစက်နိုင်ပါတယ်။ ဥပမာ - အတွင်းခံလဲလှယ်ခြင်း၊ လိင်ဆက်ဆံခြင်း၊ သန့်ရှင်းမှုအားနည်းခြင်းကြောင့် ကူးစက်မှုနှုန်းမြင့်မားစေပါတယ်။ အသည်းရောင် B နဲ့ C တွေကတော့ အဓိကအားဖြင့် ရောဂါရှိတဲ့သွေး၊ သွေးရည်ကြည် (သို့) ခန္ဓာကိုယ်မှအရည်တွေမှတဆင့် ကူးစက်စေတာဖြစ်ပါတယ်။

 

အသည်းရောင် A ရောဂါဖြစ်ပွားခြင်း

        အသည်းရောင် A ဖြစ်ပွားမှုနှုန်းမြင့်တက်ရခြင်းမှာ မသန့်ရှင်းတဲ့အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အသုတ်များစားသုံးခြင်းတို့ကြောင့်ဖြစ်ပါတယ်။ အခွံခွာမစားဖြစ်ရင်တောင် မစားမီသေချာစွာ ဆေးကြောသင့် ပါတယ်။ မသန့်ရှင်းတဲ့ရေသောက်သုံးခြင်းဖြင့်လည်း အသည်းရောင် A ရောဂါရနိုင်ပါတယ်။ ဒါကြောင့် မြစ်ရေ၊ ချောင်းရေတွေကို ကျိုချက်ပြီးမှသာ သောက်သုံးသင့်ပါတယ်။ အခြားဖွ့ံဖြိုးဆဲနိုင်ငံများသို့ သွားရောက်လည်ပတ်ပါကလည်း ရေသန့်နဲ့ ရေသန့်ရေခဲတွေကိုသာ အသုံးူပြုသင့်ပါတယ်။ အသည်းရောင် A နဲ့ B အတွက် ကာကွယ်ဆေးရှိပေမယ့် C ပိုးအတွက်တော့ မရှိပါဘူး။

 

အခွံမာငါးအစိမ်း

        အခွံမာငါးတွေဟာ အများအားဖြင့် မသန့်ရှင်းတဲ့ရေတွေမှာ ပေါက်ပွားလေ့ရှိတာကြောင့်ဖြစ်ပြီး မချက်ပြုတ်ရသေးတဲ့ ခရု၊ ဂုံး၊ ကမာ တွေမှတဆင့်လည်း အသည်းရောင် A ပိုးကူးစက်နိုင်ပါတယ်။ သေချာစွာ ချက်ပြုတ်ထားတဲ့ အခွံမာငါးတွေကိုတော့ စိတ်ချစွာစားလို့ရပါတယ်။

 

မသန့်ရှင်းတဲ့လက်များ

        အသည်းရောင် A ပိုးသည် ခန္ဓာကိုယ်ပြင်ပမှာ လပေါင်းများစွာအသက်ရှင်နေထိုင်နိုင်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုမှာ ပါဝင်တာတွေကတော့ အိမ်သာဝင်ပြီးနောက်၊ အတွင်းခံလဲလှယ်ပြီးနောက်၊ အစာမစားမီနဲ့ အစားအစာများကိုမကိုင်တွယ်မှီ လက်ဆေးခြင်း (သို့) လက်သန့်စင်ဆေးရည်အသုံးပြုခြင်းဖြင့် အသည်းရောင် A ပိုးပျံ့နှံ့မှုကို ကာကွယ်နိုင်ပါတယ်။ အများသုံးအိမ်သာအသုံးပြုပါက စက္ကူကိုသုံး၍ရေဆွဲချခြင်း၊ စက္ကူသုံး၍ ရေပိုက်ခေါင်းပိတ်ခြင်းနဲ့ အပြင်ထွက်လာပါက တံခါးဖွင့်ထားခဲ့ခြင်း စတာတွေကို ပြုလုပ်သင့်ပါတယ်။

 

ရောဂါပိုးရှိသော သွေး

        ရောဂါပိုးရှိတဲ့သွေးနဲ့ ခန္ဓာကိုယ်အရည်တွေကြောင့် အသည်းရောင် B နဲ့ C ရောဂါတွေပျံ့နှံ့နိုင်ပါတယ်။ ကလေးမွေးဖွားစဉ် အမေမှကလေးဆီသို့ကူးစက်ခြင်း၊ လိင်ဆက်ဆံစဉ်ကူးစက်ခြင်းနဲ့ အနာမှတဆင့် ကူးစက်ခြင်းတို့ဖြစ်နိုင်ပါတယ်။ ထို့ပြင် မသန့်ရှင်းတဲ့သွားဘက်ဆိုင်ရာ ကိရိယာတွေမှတဆင့်လည်း ပျံ့နှံ့နိုင်တာကြောင့် ပိုးသတ်ခြင်းလုပ်ငန်းစဉ်ကို သေချာစွာလုပ်ဆောင်သင့်ပါတယ်။ သွေးလှူဒါန်းပါကလည်း အသည်းရောင်ရောဂါပိုးရှိ/မရှိကို သေချာစွာရှာဖွေစစ်ဆေးသင့်ပါတယ်။

 

ဆေးမင်ကြောင်ထိုးခြင်းနှင့် နားဖောက်ခြင်း

        ရောဂါပိုးပျံ့နှံ့မှုကို အလေးထားဆောင်ရွက်တဲ့ဆိုင်မျိုးတွင်သာ ရွေးချယ်ပြုလုပ်ခြင်းဖြင့် အသည်းရောင် B နဲ့C ပိုးဖြစ်ပွားခြင်းကို လျော့ကျစေနိုင်ပါတယ်။ ဆိုင်အတွင်းအပြင်သန့်ရှင်းတဲ့အပြင် ဝန်ထမ်းတွေကို လည်း သေချာစွာသင်တန်းပေးထားတဲ့ ယုံကြည်စိတ်ချရတဲ့ဆိုင်မျိုးဖြစ်ဖို့လိုအပ်ပါတယ်။ အသည်းရောင် B နဲ့ C ပိုးတို့သည် သေချာစွာပိုးမသတ်ထားဘဲ ပြန်လည်အသုံးပြုတဲ့ပစ္စည်းတွေကတဆင့် ကူးစက်တတ်တာကြောင့် ပစ္စည်းတွေအားလုံးကို တစ်ယောက်သုံးပြီးလျှင် တစ်ခါအပူဖြင့်ပိုးသတ်ရန်လိုအပ်ပါတယ်။ ထို့ပြင် မိမိကိုယ် မကိုင်တွယ်မှီ လက်သေချာဆေးစေ၍ လက်အိတ်များကိုဝတ်ဆင်စေပါ။

 

လက်သည်း၊ ခြေသည်း ပုံဖော်ခြင်း၊ ညှပ်ခြင်းနဲ့ သန့်ရှင်းရေးလုပ်ခြင်း

        အလှပြင်ဆိုင်သွားရောက်ခြင်းဖြင့် အသည်းရောင် B နဲ့ C ပိုးကူးစက်နိုင်မှုဟာ နည်းပါးသော် လည်း သွေးစွန်းထားတဲ့ပစ္စည်းတွေကို အသုံးပြုမိပါကမူ ကူးစက်နိုင်ပါတယ်။ မိမိကိုယ်ပိုင် လက်သည်း၊ ခြေသည်းပစ္စည်းများ၊ လက်သည်းညှပ်များ၊ ဂျုတ်များနဲ့ အခြားလိုအပ်တဲ့ပစ္စည်းများကို ယူဆောင်သွားခြင်းဖြင့် ကူးစက်ခံရနိုင်မှုကို လျှော့ချနိုင်ပါတယ်။

 

လိင်ဆက်ဆံခြင်း

        အသည်းရောင် B ပိုးရှိတဲ့သူနဲ့ လိင်ဆက်ဆံခြင်းသည် ရောဂါပိုးကူးစက်နိုင်ချေအများဆုံး အကြောင်း အရင်းတစ်ခုဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကို ရောဂါပိုးရှိတဲ့ သူရဲ့ သွေး၊ မိန်းမကိုယ်အရည်နဲ့ သုတ်ရည် တို့မှာတွေ့ရနိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းသည် ရောဂါပိုးကူးစက်ခြင်းကို ရှောင်ရှားနိုင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ထို့ပြင် ကွန်ဒုံးကဲ့သို့ အကာအကွယ်ပစ္စည်းများသုံးခြင်းသည်လည်း ကူးစက်မှုနှုန်းကို လျော့ကျစေပါတယ်။

 

တစ်ကိုယ်ရည်သုံးပစ္စည်းများကို မျှဝေသုံးစွဲခြင်း

        အသည်းရောင် B နဲ့ C ပိုးတို့သည် တစ်ကိုယ်ရည်ပစ္စည်းများကို မျှဝေသုံးစွဲခြင်းဖြင့် ကူးစက်ပျံ့နှံ့နိုင်ပါ တယ်။ သွားတိုက်တံ၊ ဂျုတ်၊ လက်သည်းညှပ်၊ မျက်နှာသုတ်ပုဝါ၊ အပ်နဲ့ အခြားတစ်ကိုယ်ရည်သုံးပစ္စည်းများ တွင် ရောဂါပိုးရှိတဲ့သွေးများ ကပ်ငြိနေနိုင်တာကြောင့် ထိုကဲ့သို့သောပစ္စည်းများကို မိမိတစ်ဦးတည်းအတွက်သာ လျှင် အသုံးပြုသင့်ပါတယ်။

 

Dr. Thinzar Wynn

www.drmyanmar.com