/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းရောင်-အသားဝါပိုး-ရှိတဲ့အခါ

အသည်းရောင် အသားဝါပိုး ရှိတဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးဆိုပြီး ကြားရင် အင်မတန် ကြောက်တတ်ကြတာပေါ့။ ကြောက်စရာကလည်း ကောင်းတာကိုး။ မကြာမကြာဘဲ ဘယ်သူကတော့ဖြင့် ဘီပိုးကြောင့် အသည်းခြောက်သွားသတဲ့၊ ဘယ်သူကတော့ဖြင့် စီပိုးကြောင့် အသည်းကင်ဆာနဲ့ ဆုံးသွားသတဲ့ စသဖြင့် ကြားတတ်ကြပါတယ်။ ဒီတော့ အသည်းရောင် အသားဝါပိုး ရှိလာပြီဆိုရင် အသည်းလေးကို ဘယ်လိုကာကွယ်ကြမလဲ ကြည့်ကြရအောင်ပါ။

          အရက်ရှောင်တာ၊ ကိုယ်အလေးချိန် ထိန်းသိမ်းတာ၊ လိင်မှုကိစ္စ ကင်းရှင်းတာ စတဲ့ နည်းလမ်းတချို့နဲ့ နောက်ဆက်တွဲတွေ ဆက်မဖြစ်လာရအောင် ကာကွယ်ပေးနိုင်ပါတယ်။

          အသည်းရောင် အသားဝါပိုး ရှိလာတဲ့အခါ အသည်း ဒီ့ထက်ပိုမပျက်စီးအောင် ကာကွယ်ဖို့ အင်မတန်အရေးကြီးတာပေါ့။ သေရေးရှင်ရေး အရေးကြီးပါတယ်။ ဘီပိုး၊ စီပိုးဟာ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်လာသည်အထိ ဒုက္ခပေးတတ်ပါတယ်။

          အသည်းရောင် အသားဝါပိုး ခန္ဓာကိုယ်ထဲ ဝင်လာတဲ့အခါ အသည်းဆဲလ်လေးတွေထဲ ဝင်ရောက်ပြီး ဖျက်ဆီးတော့တာပေါ့။ နှစ်ပေါင်းကြာလာတဲ့အခါ ရောင်ရမ်းတာကနေ အမာရွတ်ကြီးတွေ ထင်လာပြီး တဖြည်းဖြည်းနဲ့ အသည်းခြောက်လာ၊ အသည်းကင်ဆာ ဖြစ်လာနိုင်ပါတယ်။

          ဒါပေမဲ့ ဒီလို နောက်ဆက်တွဲတွေ မဖြစ်လာရလေအောင် ဒီနည်းလမ်းလေးတွေကို လိုက်နာကြည့်ကြရအောင်။

          ဘီပိုး၊ စီပိုးရှိသူတွေမှာ အသည်းလေးကို ကာကွယ်ဖို့အတွက် အရေးအကြီးဆုံးအဆင့်က ရောဂါကို ကုဖို့ပါပဲ။ ဘီပိုး၊ စီပိုးကို ဆေးပေါင်းကုသခြင်းဟာ အသည်း ထိခိုက်မှုကို လျော့နည်း၊ ရပ်တန့်စေပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ်။

 

>>    နောက်နည်းလမ်းတွေကတော့ -

၁။     အရက် ဖြတ်ပါ။

          အရက်ဟာ အသည်းအတွက် အဆိပ်အတောက်ပါပဲ။ အရက်သောက်ခြင်းကြောင့် အသည်းရောဂါတွေ ပိုဆိုးလာတတ်ပါတယ်။ အသည်းရောဂါသည်တွေအတွက် အရက်ပမာဏ ဘယ်လောက်ဖြစ်ဖြစ် နည်းသည်၊ များသည်မဆို အန္တရာယ် ရှိပါတယ်။ ဒါကြောင့် လုံးလုံးမသောက်တာ အကောင်းဆုံးပါပဲ။

 

၂။     ပါရာစီတမော လျှော့သောက်ပါ။

          တစ်နေ့ကို ပါရာစီတမော ၂၀၀၀ မီလီဂရမ်ထက် ပိုမသောက်ပါနဲ့။ ဘီပိုး၊ စီပိုး မရှိသူတွေမှာတောင် ပါရာစီတမော အများကြီး သောက်မိရင် အသည်းကို ထိခိုက်နိုင်ပါတယ်။ အသည်း ထိခိုက်မှုရှိပြီးသား လူတွေမှာ ဆိုရင်တော့ ပိုဆိုးတော့တာပေါ့။

 

၃။     သောက်သမျှဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

          တချို့ဆေးတွေကို အသည်းကနေ ဖျက်ဆီးပေးပါတယ်။ ဒါကြောင့် အသည်း မကောင်းသူတွေမှာ အသည်းကို ပိုပျက်စီးစေနိုင်ပါတယ်။ ဈေးကွက်ထဲက သဘာဝဆိုတဲ့ဆေးတွေကလည်း အသည်းကို ထိခိုက်နိုင်တာမို့ ဘာဆေးပဲသောက်သောက် သောက်တော့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

 

၄။     အစားအသောက်တွေ၊ လေ့ကျင့်ခန်းတွေနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

          အဝလွန်ခြင်းကြောင့် အသည်းမှာအဆီတွေ စုပုံလာပြီး အင်ဆူလင် တုန့်ပြန်မှုနည်းခြင်း၊ အသည်းအမျှင်ဖုံးခြင်း၊ အသည်းအမာရွတ်ထင်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊ အသီးအနှံ၊ အရွက်တွေ၊ အရောင်မချွတ် အစေ့အနှံတွေစားပေးတာ၊ ကယ်လိုရီပမာဏကို လျှော့စားတာ စတဲ့ နည်းလမ်းမျိုးစုံနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ လိုပါတယ်။

 

၅။     ကော်ဖီ သောက်ပေးပါ။

          တစ်နေ့ကို ကော်ဖီ ၃ ခွက်နဲ့အထက် သောက်ပေးရင် ရောဂါတိုးနှုန်း ၅၀% လောက် လျော့နည်းသွားပါတယ်တဲ့လို့ သိရပါတယ်။ ဒါပေမဲ့ ကော်ဖီ မသောက်တတ်သူတွေ ချက်ချင်းထပြီး ကော်ဖီသောက်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူးနော်။ သောက်တတ်သူတွေမှာတော့ ဆက်သောက်ပေးတာ သိပ်မဆိုးဘူးပေါ့။

 

၆။     ကာကွယ်ဆေးထိုးပါ။

          အသည်းရောင်အသားဝါ အေပိုး၊ ဘီပိုး၊ စီပိုးတွေ အားလုံးဟာ အသည်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေသာ စုပေါင်းပြီးဖြစ်ရင် အသည်းထိခိုက်မှုက ပိုဆိုးတော့တာပေါ့။ ဒါကြောင့် အသည်းရောင် အသားဝါ အေနဲ့ဘီ ကာကွယ်ဆေးတွေ ထိုးပေးဖို့ အရေးကြီးပါတယ်။

 

၇။     လိင်ကိစ္စ သတိထားပါ။

          ဘီပိုး၊ စီပိုးဟာ လိင်မှတစ်ဆင့် ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးသူတွေမှာ ပုံမှန်လိင်ဆက်ဆံနိုင်ပြီး အကာအကွယ်သုံးဖို့ အချင်းချင်း တိုင်ပင်နိုင်ပါတယ်။ လိင်မှုကိစ္စ များသူတွေမှာတော့ သူတစ်ပါးဆီ ပိုးမကူးစက်နိုင်အောင်ရော သူများတွေဆီကနေ အိတ်ချ်အိုင်ဗီလို အသည်းထိခိုက်မှု ပိုများနိုင်တဲ့ပိုးတွေ မကူးစက်နိုင်အောင်ရော အကာအကွယ်သုံးဖို့ လိုပါတယ်။

 

၈။     ပုံမှန်ဆရာဝန်နဲ့ ပြသစစ်ဆေးပါ။

အသည်းရောင် အသားဝါပိုး ရှိသူတွေမှာ ၃ လကနေ ၆ လတစ်ခါ ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ ပြဖို့မမေ့ပါနဲ့။ မှန်မှန်ပြမှ ကုသမှုနဲ့ ရောဂါအခြေအနေကို စစ်ဆေးနိုင်မှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)