/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းလေးကို-ကြင်နာပါ

အသည်းလေးကို ကြင်နာပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    အသည်းအတွက် ဘယ်အစားအစာတွေက အထောက်အကူပြုပေးနိုင်သလဲ?

•        အုတ်ဂျုံမှုန့်

          အမျှင်ဓာတ်များတဲ့ အစားသောက်တွေဟာ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးပါတယ်။ ဒါကြောင့် ကွေကာအုတ်အစရှိတဲ့ အုတ်ဂျုံ မနက်စာကို စားသုံးပြီး နေ့တစ်နေ့ကို စတင်လိုက်ပါ။ အုတ်ဂျုံဟာ ပိုလျှံနေတဲ့ ခန္ဓာကိုယ်အဆီတွေနဲ့ ဝမ်းဗိုက်အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့အတွက် အသည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

 

•        အဆီများတဲ့ အစားအစာ

          အားလူးချောင်းကြော်တွေနဲ့ ဘာဂါအစရှိတဲ့ Junk food တွေမှာ ပြည့်ဝဆီတွေ အများအပြား ပါဝင်တဲ့အတွက် အသည်းကို အလုပ်ဒဏ် ပိစေပါတယ်။ ကြာလာတဲ့အခါ အသည်းရောင်ရာမှ အသည်းခြောက်သည်အထိ ဖြစ်တတ်ပါတယ်။ နောက်တစ်ခါ စားသောက်ဆိုင်မှာ သွားစားတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကိုသာ မှာယူစားသောက်ဖို့ မမေ့ပါနဲ့။

 

•        ပန်းဂေါ်ဖီစိမ်း

        ဟင်းသီးဟင်းရွက်တွေက အသည်းကို ကျန်းမာသန်စွမ်းစေနိုင်တယ်။ အထူးသဖြင့် ပန်းဂေါ်ဖီစိမ်းဟာ အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ ပြုတ်/တို့ စားလိုရသလို Almond စေ့၊ Cranberry ခြောက်တို့နဲ့ ရောပြီး အနှစ်ချဉ်ချဉ်လေးနဲ့ သုတ်စားလို့လည်း ရပါတယ်။ ကြက်သွန်ဖြူလေးနဲ့ တွဲကင်ပြီး ဗီနီဂါ မွှေးမွှေးချဉ်ချဉ်လေး ဖြန်းစားခြင်းကလည်း အရသာရှိတဲ့ အစာတစ်နပ် ဖြစ်စေမှာပါ။

 

•        ကော်ဖီ

         ကော်ဖီဂျိုးတွေ သဘောကျမယ့် သတင်းကတော့ တစ်နေ့ကို ကော်ဖီ နှစ်ခွက်၊ သုံးခွက် သောက်သုံးခြင်းက အသည်းအတွက် အကျိုးရှိစေတယ် ဆိုတာပါပဲ။ အရက်နဲ့ ကျန်းမာရေး ဆုတ်ယုတ်စေတတ်တဲ့ အစားအသောက်တွေကြောင့် အသည်းပျက်စီး ထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ အချို့လေ့လာမှုတွေမှာ ကော်ဖီဟာ အသည်းကင်ဆာကိုတောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

 

•        အချို လျှော့စားပါ။

          အချိုတွေ အများကြီး စားသုံးခြင်းက အသည်းကို ဒုက္ခရောက်စေနိုင်ပါတယ်။ စားထားတဲ့ အချိုတွေကို အဆီအဖြစ် အသည်းက ပြောင်းလဲသိုလှောင်ပေးရပါတယ်။ ဒါကြောင့် ကြာလာတဲ့အခါ အဆီတွေ စုပုံလာပြီး အသည်းအဆီဖုံးရောဂါ ရလာတတ်ပါတယ်။ ဒါကြောင့် အသည်းလေးကို အသက်ရှည်စေဖို့ အချို လျှော့စားသင့်ပါတယ်။

 

•        လက်ဖက်စိမ်း (Green Tea)

          လက်ဖက်စိမ်းဟာ Catechins လို့ ခေါ်တဲ့ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေနဲ့ ပြည့်ဝနေပါတယ်။ ဒါကြောင့် အသည်းကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။ လက်ဖက်စိမ်း အသင့်ဖျော်အထုပ်တွေ သောက်ခြင်းက catechins ဓာတ်ကို လျော့နည်းစေနိုင်ပါတယ်။ လက်ဖက်စိမ်း လတ်လတ်ဆတ်ဆတ်ကို ကိုယ်တိုင် တည်သောက်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

 

•        ရေ

       ကိုယ်အလေးချိန်ကို တတ်နိုင်သမျှ ထိန်းပေးခြင်းကလည်း အသည်းရောဂါကို တစ်ဖက်တစ်လမ်းက ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကယ်လိုရီများတဲ့ ဆော်ဒါဖျော်ရည်တွေ သောက်မယ့်အစား ရေကိုသာ များများသောက်တတ်တဲ့ အလေ့အကျင့် ပြုလုပ်ထားသင့်ပါတယ်။ ဒီနည်းလမ်းဟာ ကိုယ်အလေးချိန်ချဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

 

•        Almond စေ့

          Almond စေ့ကဲ့သို့ အစေ့အဆံတွေဟာ ဗီတာမင်အီး (Vitamin E) ဓာတ် ကြွယ်ဝတဲ့အတွက် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အပျင်းပြေ ရုပ်ရှင်ကြည့်၊ စာဖတ်ရင်း စားလို့ရသလို အရွက်သုပ်ထဲလည်း ထည့်စားနိုင်ပါတယ်။

 

•        ဆား

          လူတွေဟာ နေ့စဉ်ပုံမှန် လိုအပ်တဲ့ ဆားပမာဏထက် ပိုပိုစားမိနေတတ်ကြပါတယ်။ ပိုလျှံလာတဲ့ ဆိုဒီယံဓာတ်တွေဟာ အသည်းမှာ အမျှင်တွေကို များလာစေပြီး နောက်ဆုံး အသည်းခြောက်ရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆိုဒီယမ်ဓာတ်များတဲ့ ဝက်ပေါင်ခြောက်နဲ့ အသင့်စား အသားဘူးတွေ၊ အသီးအရွက်ဘူးတွေအစား လတ်ဆတ်တဲ့ အစားအစာတွေကို ပိုမိုစားသောက်ပေးသင့်ပါတယ်။ အစားအစာတွေ စားတဲ့အခါ ဆား အများကြီး ထည့်စားခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။

 

•        ဟင်းနုနွယ်ရွက်

          ဟင်းနုနွယ်ရွက်စိမ်းစိမ်းတွေမှာ Glutathione လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant တွေ အများအပြား ပါဝင်တဲ့အတွက် အသည်းကို ကာကွယ်ပေးပါတယ်။ ပြင်ဆင်စားသုံးရတာလည်း လွယ်ကူပါတယ်။ ညစာ ဟင်းရွက်သုပ်အနေနဲ့ အလွယ်တကူ စားသုံးနိုင်သလို ကြက်သွန်ဖြူ၊ ၊ သံလွင်ဆီတွေနဲ့ အကင်ဆာတေး လုပ်စားရင်လည်း အရသာရှိတဲ့ ညစာဖြစ်လာမှာပါ။ နွမ်းသွားတဲ့ ဟင်းရွက်တွေကို Permesan ချိစ်လေးနဲ့ ဖြူးစားနိုင်ပါသေးတယ်။

 

•        ဘလူးဘယ်ရီ

•        ဘလူးဘယ်ရီတွေမှာ ခန္ဓာကိုယ် အဝလွန်ခြင်းနဲ့ သွေးတွင်း ကိုလက်စထရော အဆီဓာတ်တွေကို လျော့ကျစေနိုင်တဲ့ Polyphenol ဓာတ်တစ်မျိုး ပါဝင်တဲ့အတွက် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဘလူးဘယ်ရီအပြင် ချော့ကလက်ခါးခါး၊ သံလွင်သီးနဲ့ ဇီးသီးတွေမှာလည်း ဒီ Polyphenol ဓာတ် ပါဝင်ပါတယ်။

 

•        အရက် လျှော့သောက်ပါ။

          အရက် အများအပြား သောက်သုံးခြင်းက အချိန်ကြာလာတဲ့အခါ အသည်း ခြောက်စေတတ်ပါတယ်။ တစ်ခါတစ်ရံမှ သောက်တတ်သူတွေမှာတောင် တစ်ထိုင်တည်း အများအပြားသောက်ခြင်းဟာ အသည်းကို ထိခိုက်စေနိုင်ပါတယ်။ အမျိုးသမီးတွေမှာ တစ်ထိုင်တည်း 4 ခွက်၊ အမျိုးသားတွေမှာ တစ်ထိုင်တည်း 5 ခွက်သောက်ခြင်းက အသည်းခြောက်ဖို့ အလားအလာ ပိုများစေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာ တစ်နေ့ 1 ခွက်၊ အမျိုးသားတွေမှာ တစ်နေ့ 2 ခွက်မျှသာ သောက်သုံးသင့်ပါတယ်။

 

•        ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်များ

          အသည်းရော နှလုံးကိုပါ တစ်ပြိုင်နက် ကာကွယ်ပေးနိုင်တဲ့ အစားအစာကတော့ ဒီဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တွေပဲ ဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း Polyphenol ပါဝင်တဲ့အတွက် Oregano, Rosemary နဲ့ ကလျာဏီ တွေ ထည့်ချြက်ခင်းက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ ဆား စားများခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

          သစ်ဂျပိုး၊ ဟင်းချက်ပေါင်ဒါမှုန့်၊ စမုန်စပါးတွေမှာလည်း ကျန်းမာရေးကို အကျိုးပြုတဲ့ဓာတ်တွေ ပါဝင်ပါတယ်။

 

•        အသင့်စား သရေစာတွေကို လျှော့ပါ။

          စတိုးဆိုင်ကို ရောက်တဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာတွေကိုသာ ဝယ်ယူသင့်ပါတယ်။ အာလူးကြော်တွေနဲ့ ကိတ်မုန့်ပေါင်မုန့်တွေဟာ အချို၊ အငန်၊ အဆီတွေ ပြည့်ဝနေတဲ့အတွက် ဒါတွေကို လျှော့စားခြင်းက ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့် အလုပ်လာတဲ့အခါ ပန်းသီးနဲ့ တစ်ခါစား မြေပဲယိုမျိုး၊ ပဲကြော်နဲ့ ပဲတီစိမ်းယိုမျိုးစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာမျိုးကို အသင့်ယူလာကာ စားသုံးသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)