အသည်းလေးကို ကြင်နာပါ
အသည်းဆိုတာ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ပိုင်းပါပဲနော်။ ခန္ဓာကိုယ်အတွက် ရေစစ်တစ်ခုဆိုလည်း မမှားဘူး။ အာဟာရဓာတ်တွေ၊ အရက်၊ သဘာဝဆေးဥဆေးမြစ်တွေ၊ ဆေးတွေအားလုံးဟာ အူကနေစုပ်ယူပြီးရင် အသည်းမှာ အစစ်ဆေးခံကြရပါတယ်။ အသည်းမှာ ပြုပြင်ပြောင်းလဲမှုတွေ၊ သိမ်းဆည်းမှုတွေ၊ အဆိပ်ဖြေတာတွေအကုန်လုပ်ပြီးမှ တစ်ကိုယ်လုံးကို ပြန်ဖြန့်ဝေရတယ်။ ဒီလိုအလုပ်လုပ်နိုင်ဖို့အတွက် အသည်း ဟာ အာဟာရပြည့်ဝပြီး အပျက်အစီးတွေမရှိမှ ဖြစ်မှာပေါ့။
ဒါကြောင့် အသည်းကိုကာကွယ်ဖို့ကြိုးစားနေတာပဲဖြစ်ဖြစ်၊ အသည်းထပ်မထိခိုက်အောင်ကြိုးစားတာပဲဖြစ်ဖြစ် အာဟာရပြည့်ဝနေဖို့အထူးအရေးကြီးတယ်။ ပြီးတော့ ဒီနည်းလမ်းတွေကို သုံးကြည့်လို့ရတယ်။
၁။ အသည်းရောဂါရှိရင် အရက်ကို မေ့ပစ်လိုက်ဖို့ လိုပါတယ်။
အရက်ဟာ အသည်းကို အရမ်းကိုထိခိုက်စေနိုင်လို့ အသည်းရောဂါရှိရင် အသည်းပျက်နှုန်းကို ပိုမြန်စေနိုင်တယ်။
Livolin Forte 1

၂။ အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး ကြိုထိုးထားပါ။
ဒါတင်မကသေးဘဲ အသည်းရောင်အသားဝါ B ပိုး၊ C ပိုး ကူးစက်နိုင်တဲ့ အခြေအနေမျိုးတွေဖြစ်တဲ့ အပ်တွေ၊ အသုံးအဆောင်တွေ ဝေမျှသုံးစွဲတာမျိုးကို ရှောင်ပေးပါ။
၃။ ကျန်းမာရေးနဲ့ညီညွတ်မယ့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားဖို့လိုတယ်။
ပိန်လွန်းဝလွန်းတာဟာ အသည်းအတွက် မကောင်းဘူးနော်။
၄။ ကြွက်သားတွေကိုတည်ဆောက်ပါ။
အသည်းရောင်လာရင် ကြွက်သားတွေကို သိမ်လှီသွားစေနိုင်တာမို့ ကြွက်သားတွေကို တည်ဆောက်ဖို့ လေ့ကျင့်ခန်းများများလုပ်ဖို့ိုလိုတယ်။
၅။ ပရိုတင်းအသားဓာတ်လုံလောက်အောင်စားပေးပါ။
ဆဲလ်အသစ်တွေတည်ဆောက်ဖို့၊ တစ်သျှူးတွေပြုပြင်ဖို့၊ ကိုယ်ခံအားစနစ်ကောင်းဖို့ ပရိုတင်း အသားဓာတ်ကို လိုအပ်တယ်။ ဒါပေမယ့် အသည်းရောဂါကျွမ်းလာရင်တော့ ဦးနှောက်ရောင်တာမျိုး ဖြစ်တတ်လို့ ပရိုတင်းစားတာကို ပြန်ကန့်သတ်ဖို့လိုအပ်ပါတယ်။
ဒါကြောင့် အသည်းရောဂါဖြစ်နေရင် ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်ကို ဘယ်လောက်စားသင့်တယ်ဆိုတာကို အသည်းဆရာဝန်နဲ့ အာဟာရပညာရှင်တွေကို အရင်တိုင်ပင်ဖို့လိုအပ်ပါတယ်။
Livolin Forte 2

၆။ သဘာ၀အတိုင်း အစေ့အဆံတွေ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးဖို့လိုပါတယ်။
အသင့်စား အစားအသောက်တွေ၊ သကြားတွေ၊ အချိုရည်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေကို စားပေးပါ။
၇။ အဆီကိုသင့်တင့်ရုံစားပေးပါ။
အထူးသဖြင့် နို့တွေ၊ တိရစၦာန်တွေကရတဲ့အဆီတွေထက်စာရင် သံလွင်ဆီ၊ ကနိုလာဆီ၊ အစေ့အဆံတွေမှာပါတဲ့ဆီလိုမျိုး ကိုယ်ခန္ဓာအတွက် ကောင်းတဲ့ဆီမျိုးကို စားပေးသင့်တယ်။ သင့်တင့်မျှတရုံဆိုတာ အဆီများတဲ့ဆီပြန်တွေရှောင်သင့်ပေမယ့် ကယ်လိုရီအာဟာရဓာတ်ကိုရစေဖို့ လုံးလုံးကြီးတော့ ရှောင်ဖို့မလိုဘူး။
၈။ ဗီတာမင်ချို့တဲ့တာမျိုးမဖြစ်ရအောင် ဗီတာမင်အားဆေးတွေသောက်ပေးပါ။
ဗီတာမင် အားဆေးတွေ၊ အသည်းကို အားဖြစ်စေမယ့် အားဆေးတွေကို ဆရာ၀န်နဲ့ တိုင်ပင်ပြီး သောက်သုံးနိုင်ပါတယ်။
၉။ ဆရာဝန်မညွှန်ကြားဘဲနဲ့ သံဓာတ်အားဆေးတွေ မသောက်ပါနဲ့။
အသည်းကအလုပ်ကောင်းကောင်းမလုပ်နိုင်ရင် သံဓာတ်တွေစုပြုံလာပြီး အသည်းကိုဒုက္ခပေးနိုင်တယ်။ ပြီးတော့ သံဓာတ်တွေအရမ်းများလာရင် ပိုးတွေပွားပြီး ပိုးဝင်စေနိုင်တယ်။ အသည်းရောင်ကုထုံးဖြစ်တဲ့ အင်တာဖရွန်ဆေးရဲ့အာနိသင်ကိုလည်း ထိခိုက်စေနိုင်တယ်။ တကယ်လို့ အသည်းက ကောင်းကောင်းအလုပ်လုပ်နေတယ်ဆိုရင် သံဓာတ်ပါတဲ့အားဆေးသောက်လို့ရပေမယ့် အသည်းမကောင်းရင်တော့ သံဓာတ်ပါတာမျိုးကို ရှောင်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ဆရာ၀န်ညွှန်ကြားမှ သောက်သင့်ပါတယ်။
အချုပ်အနေနဲ့ ပြောရရင်တော့ ကိုယ်ဘာစားစား အသည်းလေးကို အရင်သတိရပါ။ ကိုယ်စားသမျှဟာ အသည်းအပေါ်မှာ ထိရောက်မှုရှိနိုင်ပါတယ်နော်။ ကိုယ့်ရဲ့ အသည်းက သိပ်မကောင်းဘူးဆိုရင်တော့ ဘာတွေစားသင့်ပြီး ဘာတွေရှောင်သင့်တယ်ဆိုတာကို အသည်းဆရာဝန်နဲ့ အာဟာရပညာရှင်တွေကို အရင်တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းလိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)





























