အသည်းသံကောင်အကြောင်း
အသည်းသံကောင် ...
ကြားလိုက်တာနဲ့ ကြောက်စရာကြီးပါလား။
အသည်းသံကောင်ဆိုတာ ဘာလဲ?
ဘာရောဂါတွေ ဖြစ်စေနိုင်သလဲ?
ဘယ်လိုလက္ခဏာတွေနဲ့ လာနိုင်သလဲ?
ဘယ်လိုကုသမှုတွေ ရှိသလဲ?
ဘယ်လိုကာကွယ်ကြမလဲ?
အသည်းသံကောင်အကြောင်း ဖတ်ကြည့်ကြရအောင်နော်။
အသည်းသံကောင်ဆိုတာ ကူးစက်ခံရသူတွေရဲ့ သည်းခြေလမ်းကြောင်းနဲ့ အသည်းမှာ အိမ်တည် နေထိုင်ကြတဲ့ သံကောင်အမျိုးအစားပါပဲ။ အထူးသဖြင့် လူတွေ၊ နွားတွေနဲ့ သိုးတွေမှာ တွေ့တတ်ကြပါတယ်။
တစ်ကမ်ဘာလုံးက လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံး တွေ့နိုင်ပါတယ်။ ဒီသံကောင်ရှိနေတဲ့ရေတို့၊ ငါးတို့ကို စားမိ၊ သောက်မိတဲ့လူတွေမှာ ကူးစက်ခံရနိုင်ပါတယ်။
လူတစ်ယောက်ကနေ တစ်ယောက်ကို မကူးစက်နိုင်ပါဘူး။ တချို့လူတွေဆို သံကောင်ရှိလို့ရှိနေမှန်းတောင် မသိတတ်ကြဘူး။ သံကောင်ဝင်ပြီဆိုတာနဲ့ ဒီသံကောင်ဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ မကုမချင်းကို နှစ် ၂၀၊ ၃၀လောက်အထိ နေနိုင်တာကြောင့်ပါ။
>> ဘယ်လို ကူးစက်နိုင်သလဲ?
● သံကောင်ရှိနေတဲ့ရေချိုကို သောက်မိတာ
● ကန်စွန်းရွက်လိုမျိုး ရေချိုမှာ ရှင်သန်တဲ့အရွက်တွေကို စားမိတာ
● သံကောင်ရှိနေတဲ့ရေ သောက်မိတာ
● အသီးအရွက်တွေကို သံကောင်ပါတဲ့ရေနဲ့ ဆေးကြောမိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။
>> ဘာရောဂါတွေ ဖြစ်စေနိုင်သလဲ?
လူတွေမှာ ရောဂါဖြစ်စေနိုင်တဲ့ အသည်းသံကောင်နှစ်မျိုးကတော့ သိပ္ပံအသုံးအနှုန်းအရ Fasciola hepatica နဲ့ Fasciola gigantica လို့ခေါ်တဲ့ သံကောင်နှစ်မျိုးတို့ပါပဲ။
တချို့မှာ ဘာလက္ခဏာမှမပြပေမယ့် တချို့မှာ သံဝင်ပြီးအကြာကြီးနေမှ ရောဂါလက္ခဏာတွေ ပြတတ်ကြပါတယ်။
သူ့ရဲ့ရောဂါလက္ခဏာတွေကတော့ -
လူတွေဟာ သူတို့ဆီမှာ သံကောင် ဝင်လို့ဝင်နေမှန်းတောင် မသိတတ်ကြဘူးတဲ့။ ပြီးတော့ တခြားရောဂါတွေရဲ့ လက္ခဏာတွေနဲ့ ရောနေတတ်တာမို့ သံကောင်ကို လွတ်သွားတာမျိုးလည်း ရှိတတ်ပါတယ်။
တခြားသံတွေလိုမျိုးတော့ လူတစ်ယောက်ကနေ တစ်ယောက်ကို မကူးစက်နိုင်ပါဘူး။
>> သူ့ရဲ့လက္ခဏာတွေအနေနဲ့ -
● ဗိုက်နာခြင်း
သံကောင်ဟာ ခန္ဓာကိုယ်ထဲရောက်ပြီဆိုတာနဲ့ အူထဲကနေ အသည်းကို ရောက်အောင် သွားပါတယ်။ အသည်းထဲကို ထိုးဖောက်ဝင်ရောက်ရတာကြောင့် ဗိုက်အပေါ်ပိုင်းဘက်ထောင့်က နာကျင်မှုဝေဒနာကို ခံစားရပါလိမ့်မယ်။ သံကောင် ဝင်ရောက်ပြီး နှစ်ပေါင်းများစွာ ကြာတဲ့အထိတောင် သည်းခြေလမ်းကြောင်း ပိတ်တဲ့အခါတိုင်းမှာ ဗိုက်နာနာနေပါလိမ့်မယ်။
● ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း
ပိုးဝင်ခါစမှာပဲဖြစ်ဖြစ်၊ သည်းခြေအိတ်ပိတ်တဲ့အခါမှာပဲဖြစ်ဖြစ် ပျို့ချင်၊ အန်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။
ဒီလက္ခဏာတွေဟာ သံကောင် ဝင်တာ ဘယ်လောက်ထိ ဆိုးသလဲပေါ် မူတည်ပြီး ရက်သတ္တပတ်ပေါင်းကနေ လပေါင်းများစွာအထိကို ခံရနိုင်ပါတယ်။
● ကိုယ်အလေးချိန်ကျခြင်း
ဒါ့အပြင် အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်တွေလည်း တတိတိ ကျလာပါလိမ့်မယ်။
● အင်ပြင်တွေထခြင်း
ဝင်လာတဲ့သံကောင်တွေကို ခုခံအားစနစ်က တုန့်ပြန်တာကြောင့် တစ်ကိုယ်လုံး အင်ပြင်တွေ ထလာပါလိမ့်မယ်။ သံကောင် အသည်းထဲဝင်တဲ့အချိန်မှာ စောစောစီးစီးရတတ်တဲ့ လက္ခဏာတစ်ခုပါပဲ။
● ဖျားခြင်း
သံကောင်ဝင်ခါစနဲ့ သည်းခြေလမ်းကြောင်း ပိတ်ချိန်တွေမှာ ဖျားနာတတ်ပါတယ်။
● နုံးနေခြင်း
တစ်ကိုယ်လုံး နေထိုင်မကောင်းတာကို နုံးနေတယ်လို့ ခြုံပြောတာပါ။ ဝင်ခါစအချိန်နဲ့ သည်းခြေလမ်းကြောင်း ပိတ်ချိန်တွေမှာ အဓိက ရတတ်ပါတယ်။ ကြားအချိန်တွေမှာတော့ သူ့အလိုလိုပဲ ကောင်းနေတတ်ပါတယ်။
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာပြသင့်သလဲ?
လူတစ်ယောက်မှာ အသည်းသံကောင် ရှိ၊ မရှိ ပြောရခက်တာပေါ့။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ အထူးသဖြင့် နွားခြံအနီးအနားတွေမှာ ပိုတွေ့ရတတ်ပါတယ်။
သံကောင်တကယ် ရှိ၊ မရှိ သိချင်ရင်တော့ ဝမ်းထဲမှာ သံဥ ပါ၊ မပါ ကြည့်မှ ရမှာပါ။
>> ဘယ်လိုကုသကြမလဲ?
Triclabendazole လို့ခေါ်တဲ့ ဆေးတစ်မျိုးကတော့ သံကောင်တွေရော၊ သံဥတွေကိုပါ ရှင်းပေးနိုင်လို့ အစွမ်းထက် ဆေးတစ်လက်ပါပဲ။
နာတာ ကျင်တာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေကို သက်သာစေဖို့လည်း ဆေးတွေ သောက်လို့ ရပါတယ်။
သည်းခြေလမ်းကြောင်း ရောင်ရမ်းတဲ့အချိန်မျိုးမှာတော့ ခွဲစိတ်ဖို့ လိုကောင်း လိုနိုင်ပါတယ်။
>> ကာကွယ်ဖို့နည်းလမ်းတွေက -
● နွားခြံ၊ သိုးခြံနားမှာပေါက်တဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာချက်ပြုတ်ဖို့ လိုပါတယ်။
● တိရစာၦန်အသည်းတွေကိုလည်း သေချာကျက်အောင်ချက်ပြီးမှ စားပါ။
● ကလိုရင်း မခတ်ထားတဲ့ရေဆိုရင် ကျိုချက်ပြီးမှ သောက်ပါ။
● စမ်းချောင်းကနေရေကို ဒီအတိုင်း မသောက်ပါနဲ့။
ကဲ ... ဒီလောက်ဆိုရင် အသည်းသံကောင်အကြောင်းနဲ့ ဘယ်လိုတွေ ကာကွယ်ရမယ်၊ ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်တယ်ဆိုတာ သေချာသိပြီမလား။
ဒါကြောင့် လက္ခဏာ တစ်စုံတစ်ရာ ပေါ်လာခဲ့ရင် ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူဖို့ လိုတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























