အသား၊ ငါးတွေ ကိုင်တွယ်တဲ့အခါ …
အသားစိမ်း၊ ငါးစိမ်းတွေဟာ ဘက်တီးရီးယားပွားဖို့ ဖိတ်ခေါ်နေတဲ့အရာတွေပါ။ အဲဒါကြောင့် အသားငါးတွေကို ကိုင်တွယ်သိမ်းဆည်းတာ စနစ်ကျဖို့ အရေးကြီးတယ်နော်။ ကိုင်တွယ်သိမ်းဆည်းပုံက တစ်မျိုးနဲ့တစ်မျိုး မတူဘူး။ တချို့အသားငါးတွေဟာ ပြင်ဆင်ပြီး တစ်ပတ်လောက်ကြာမှစားလည်း ဘာမှမဖြစ်သလို နောက်မှစားဖို့ ရေခဲသေတ္တာထဲလည်း ထည့်ထားလို့ရတယ်။ ဒါပေမဲ့ တချို့အသားငါးတွေကျတော့ ရက်ပိုင်းလေး ကြာရင်တောင် လွှင့်ပစ်လိုက်ရတတ်တယ်။
ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်ပြင်ဆင် စားသောက်နိုင်ဖို့ ဒါလေးတွေကို လိုက်နာဖု့ိ လိုတယ်နော်။
>> အသားငါး ရွေးတဲ့အခါ -
သတ်မှတ်ရက် လွန်နေတဲ့အသားတွေကို လုံးဝမဝယ်ပါနဲ့။ ပြီးတော့ အသားဝယ်ပြီးရရင် ရေခဲသေတ္တာထဲ မြန်မြန်ပြန်ထည့်ရမယ်။
အသားငါးဝယ်ရင် ဒီနည်းလေးတွေကို လိုက်လုပ်ကြည့်ပါ။
● မည်းမည်းညိုညိုဖြစ်နေတဲ့၊ အနံ့ထွက်နေတဲ့၊ မာခဲခဲ၊ ပျစ်ချွဲချွဲဖြစ်နေတဲ့ ဝက်သား၊ အမဲသားတွေကို မဝယ်ရဘူးနော်။
● ကြက်သားဆိုရင်လည်း ဒီအတိုင်းပဲ။ အရောင်မစိုဘဲမှိန်နေရင်၊ အနံ့ထွက်နေရင်၊ မာခဲခဲ၊ ပျစ်ချွဲချွဲဖြစ်နေရင် ရှောင်ပါ။
● အရောင်ပြယ်နေတဲ့ငါး၊ ပျစ်ချွဲချွဲဖြစ်နေတဲ့ငါး၊ ငါးညှီနံ့ အရမ်းဆိုးနေတဲ့ငါးကို မဝယ်နဲ့နော်။
● အပြင်က Packing ပျက်စီးနေတာ၊ ပြဲနေတာတွေ ရှိရင်လည်း မဝယ်ပါနဲ့။
>> အသားကို ကိုင်တွယ်တဲ့အခါမှာ -
● လက်ကို သေချာဆေးပေးပါ။ လက်နဲ့ အသားငါးတွေမှာ ဘက်တီးရီးယားတွေ ကူးနိုင်တယ်။ အဲဒါကြောင့် အသားငါးတွေ မကိုင်တွယ်ခင်၊ ကိုင်တွယ်အပြီး စက္ကန့် ၂၀ လောက် ဆပ်ပြာနဲ့ ရေနဲ့ ဆေးကြောပါ။
● ဘက်တီးရီးယားတွေဟာ အလွယ်တကူ ပြန့်နိုင်တာကြောင့် တခြားချက်ပြုတ်စရာတွေနဲ့ တစ်သီးတစ်သန့် ထားပေးတာ ပိုကောင်းတယ်နော်။ အထူးသဖြင့် တစ်အိုးတည်းမချက်မယ့် ဟင်းအမယ်တွေကို ခွဲထားပေးပါ။
● လှီးချွတ်မယ့်ပစ္စည်းတွေကိုလည်း သပ်သပ်ထားပေးပြီး ပြင်ဆင်ပြီးတာနဲ့ ဆေးကြောပေးသင့်တယ်။
>> အသားတွေကို သိမ်းဆည်းတဲ့အခါ -
အသားစိမ်း၊ ငါးစိမ်းတွေဟာ ရေခဲသေတ္တာထဲမှာ ၃ ရက်လောက်ခံတယ်။ ဒီ့ထက် ကြာကြာထားချင်ရင် ရေခဲခန်းထဲထည့်ထားဖို့ လိုတယ်။ ခဲထားရင် လနဲ့ချီပြီးတော့ ခံနိုင်တယ်နော်။
ရေခဲခန်းကို ၀°F (-၁၇.၈°C)လောက်မှာ ထားသင့်တယ်။ ဒီလောက် အအေးက အာဟာရဓာတ်တွေကို မဆုံးရှူံးစေတဲ့အပြင် လတ်လည်း လတ်ဆတ်စေတယ်။ ရေခဲသေတ္တာကိုလည်း စားသောက်စရာတွေ ကြာကြာခံအောင် ၃၄°(၁.၁°C) မှာ ထားသင့်တယ်။
>> ဘယ်အပူချိန်မှာ ဘယ်အသားအမျိုးအစားက ဘယ်လောက်ခံတယ်ဆိုတာကို ပြောပြပေးပါမယ်နော်။
● ကြက်သား၊ ဘဲသားစိမ်း > ရေခဲသေတ္တာထဲခံချိန် ၁-၂ ရက် > ရေခဲခန်းထဲခံချိန် ၉ လ (ပိုင်းပြီးသား)၊ ၁ နှစ် (အကောင်လိုက်)
● ကြိတ်ထားတဲ့ အသားစိမ်း > ရေခဲသေတ္တာထဲခံချိန် ၁-၂ ရက် > ရေခဲခန်းထဲခံချိန် ၃-၄ လ
● လှီးပြီးသား အသားစိမ်း > ရေခဲသေတ္တာထဲခံချိန် ၃-၄ ရက် > ရေခဲခန်းထဲခံချိန် ၄-၁၂ လ (ပစ္စည်းပေါ် မူတည်)
● ငါးစိမ်း > ရေခဲသေတ္တာထဲခံချိန် ၁-၂ ရက် > ရေခဲခန်းထဲခံချိန် ၆ လ
● ချက်ပြုတ်ပြီး အသားငါး > ရေခဲသေတ္တာထဲခံချိန် ၃-၄ ရက် > ရေခဲခန်းထဲခံချိန် ၂-၆ လ
● ကြက်အူချောင်းနဲ့ အသားပတ်ကင် > ရေခဲသေတ္တာထဲခံချိန် ၁ ပတ် (ဖွင့်ပြီးသား) သို့မဟုတ် ၂ ပတ် (ပိတ်ရက်) > ရေခဲခန်းထဲခံချိန် ၁-၂ လ
>> ချက်ပြုတ်သင့်တဲ့အပူချိန်
ချက်ပြုတ်တဲ့အပူချိန်ဟာ အရသာရော၊ အစားအသောက်ရဲ့ လုံခြုံစိတ်ချရရေးပေါ် သက်ရောက်မှုရှိတယ်။
မကျက်တစ်ကျက်၊ အကျက်စတဲ့ ချက်ပြုတ်ပုံတွေဟာ အသားအလယ်တည့်တည့်က အပူချိန်ကို ပြောတာပါ။ ဒါကို အပူချိန်တိုင်းတဲ့ကိရိယာနဲ့ တိုင်းကြည့်လို့ရတယ်။ ဒါတွေကို မီးဖိုချောင်သုံး ပစ္စည်းအရောင်းဆိုင်တွေမှာ တွေ့ရမှာပါ။ ပုံမှန်ရှိသင့်တဲ့ အပူချိန်တွေကတော့ -
● မကျက် : ၁၂၀°F - ၁၂၅°F (၄၈.၉°C - ၅၁.၇°C)
● မကျက်တစ်ကျက် : ၁၄၀°F - ၁၄၅°F (၆၀°C - ၆၂.၈°C)
● အကျက် : ၁၆၅°F (၇၃.၉°C) နဲ့ အထက်
ကျန်းမာရေးအရ ပြောရမယ်ဆိုရင် အသားအပူချိန်များလေလေ ပိုပြီးစိတ်ချရလေလေပါပဲ။ ဒါပေမဲ့ အသားအမျိုးအစားပေါ်မှာလည်း မူတည်ပါသေးတယ်။
>> ကျန်းမာရေးနဲ့ သင့်တော်တဲ့ အပူချိန်တွေကတော့ -
● ကြက်သား၊ ဘဲသား : ၁၆၅°F (၇၃.၉°C) လောက်က သင့်တော်ပါတယ်။ ကြက်သား၊ ဘဲသားတွေဟာ လုံးဝမကျက်တစ်ကျက် မစားသင့်ဘူးနော်။ မကျက်တဲ့အသားတွေ စားမိရင် Salmonella ကောင် ကူးစက်ပြီး အထက်လှန်အောက်လျှောနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ပါတယ်။
● ကြိတ်ထားတဲ့အသား : ကြိတ်ထားတဲ့အမဲသား၊ ဝက်သား၊ သိုးသားတွေကို ၁၆၀°F (၇၁.၁°C) လောက်နဲ့ ချက်သင့်တယ်။ ရိုးရိုးအသားတွေဆို မျက်နှာပြင်မှာပဲ ဘက်တီးရီးယားပိုးကနေ နိုင်ပေမယ့် ကြိတ်သားတွေမှာတော့ ပိုးတွေအကုန်ပြန့်နေနိုင်တယ်။ အဲဒါကြောင့် ရိုးရိုးအသားတွေထက်စာရင် အပူများများနဲ့ ပိုချက်ပေးဖို့လိုတယ်။
● ရိုးရိုးအသား : ဒီအသားတွေဟာ ၁၄၅°F (၆၂.၈°C) မှာ ချက်ဖို့လိုပြီး မစားခင်၃မိနစ်လောက် ခဏထားပေးရတယ်။ ဒီလိုထားပေးခြင်းက ဘက်တီးရီးယားပိုး သေစေဖို့ အချိန်ပေးတာပါ။
● ဝက်သားမှာ သံကောင်၊ တုတ်ကောင်၊ ကပ်ပါးပိုးတွေများတဲ့အတွက် မကျက်တစ်ကျက်ဆိုရင်တောင် နည်းနည်းအကျက်ဘက်ကို ပိုရောက်အောင် ချက်ပေးသင့်တယ်။
● အမဲသားတွေက နည်းနည်းပို စိတ်ချရတယ်။
● ငါး : အပူချိန် ၁၄၅°F (၆၂.၈°C) ဒါမှမဟုတ် အရေပြားပွလာပြီး အလွယ်တကူ ခွာလို့ရလာတဲ့အထိ ချက်ရမယ်။
>> အစားအသောက်ကို ချက်ပြုတ်စားသောက်တဲ့အခါ ကျနး်မာရေးနဲ့ ညီညွတ်စေဖို့ -
မီးဖိုချောင်သုံးဖော့တွေ၊ ပုဝါတွေကို မှန်မှန်လဲပေးပါ။ ညစ်ပတ်နေတဲ့ ဖော့တွေ၊ ပဝါတွေနဲ့ ဆေးကြောသန့်စင်တာက ပိုးတွေကို ပိုဖြန့်နေရာရောက်တယ်။ ဒီပစ္စည်းတွေပေါ်မှာ အချိန်ကြာလာတဲ့အခါ ဘက်တီးရီးယားတွေ ပေါက်ဖွားလာတတ်တယ်။ အဲဒါကြောင့် တစ်ရက်ခြားတစ်ခါ ဆေးကြောပေးပြီး တစ်ပတ်တစ်ခါ လဲပေးတာ အကောင်းဆုံးပဲ။
အစိမ်းဆို ဘာဆိုဘာမှ မစားနဲ့နော်။ မကောင်းတော့တဲ့ အသားတွေမှာဆို ဘက်တီးရီးယားတွေ အများကြီး ပေါက်နေနိုင်တယ်။ အဲဒါကြောင့် မကောင်းတဲ့အသားလေး နည်းနည်းပါလာရင်တောင် အထက်လှန်အောက်လျှောပိုးတွေ၊ ဝမ်းကိုက်ပိုးတွေ အများကြီး ဖြန့်နိုင်တယ်။ အဲဒါကြောင့် အသားငါးတွေနဲ့ ပတ်သက်ရင် စိတ်ထင့်နေရင် မစားတာ အကောင်းဆုံးပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)





























