အသံကြိုးကို ထိခိုက်စေမယ့် အရည်များ
မိမိအသံကို ထိခိုက်စေနိုင်တဲ့ အရည်များကိုရှောင်ကြဉ်ပါ။
အသံကြည်လင်ပြတ်သားမှုကိုရရှိစေရန် ရှောင်ရှားသင့်တဲ့ အရည်အချို့ရှိပါတယ်။ ၎င်းအရည်အများစုဟာ အသံကြိုးကိုခြောက်သွေ့စေ၍ ထိခိုက်စေနိုင်ခြင်း (သို့) အချွဲများပိုမိုထွက်စေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ သတိပြုရန်မှာ အလွန်ပူသော၊ အလွန်အေးသော အရည်တွေကလည်း အသံအရည်အသွေးကို လျော့ကျစေနိုင်ပါတယ်။
1. အရက်
အရက်သည် လည်ချောင်းကို ခြောက်သွေ့စေ၍ ပူစပ်ပူလောင်ဖြစ်စေနိုင်ပါတယ်။
2. ကော်ဖီ
ကော်ဖီသည် လည်ချောင်းတစ်လျှောက် ကြွက်သားများကို တင်းကျပ်၍ ခြောက်သွေ့စေတဲ့အပြင် အသံအားထုတ်နိုင်မှုကိုလည်း ကန့်သတ်နိုင်ပါတယ်။
3. နို့
နို့နဲ့နို့ထွက်ပစ္စည်းများသည် အချွဲထွက်နှုန်းကို မြင့်တက်စေခြင်းဖြင့် အသံအားကောင်းမှုကို ထိခိုက်စေတာဖြစ်ပါတယ်။ ဒါကြောင့် ဖျော်ဖြေပွဲများမတိုင်မီ နို့နဲ့နို့ထွက်ပစ္စည်းများစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အကယ်၍ မဖြစ်မနေနို့သောက်လိုပါက လည်ချောင်းရှင်းစေရန် ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။
4. လက်ဖက်ရည်
ကဖိန်းနဲ့ တန်နင်ဓာတ်တွေပါဝင်မှုများတဲ့ လက်ဖက်ရည်တွေဟာ အသံကြိုးခြောက်သွေ့ခြင်းကိုဖြစ်စေ၍ အလွန်အကျွံသောက်သုံးမိပါက အသံကြိုး ထိခိုက်မှုဖြစ်လာနိုင်ပါတယ်။
Dr. Thinzar Wynn






























