အသံကွဲခြင်း၊ အသံပျက်ခြင်း
အကြောင်းအမျိုးမျိုးကြောင့် အသံပုံမှန်မဟုတ်ဘဲပြောင်းသွားပြီး အသံသြသြကြီး (သို့) အသံရှတတနဲ့ ပျက်သွားတတ်ပါတယ်။
ဘာတွေကြောင့် အသံပျက်ရ၊ ကွဲရသလဲ
အသံပျက်ရခြင်းက အသံကြိုးကိုထိခိုက်မိလို့ဖြစ်ပါတယ်။ အသံအိုးလို့ခေါ်တဲ့ လေပြွန်က အသက်ရှူလမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသံကြိုးလည်းရှိပါတယ်။ လေပြွန်ရဲ့ အရိုးနုပါတဲ့အပြင်နံရံကို ဇလုတ်လို့ခေါ်ပါတယ်။ အသံအိုးထဲမှာမှ အသံကြိုးနှစ်ချောင်းက V ပုံစံလေးရှိနေပါတယ်။ ကျွနု်ပ်တို့ သီချင်းဆိုတဲ့အခါ စကားပြောတဲ့အခါမှာ ဒီအသံကြိုးလေးတွေတုန်ပြီး အသံထွက်ပေါ်လာပါတယ်။
အသံသြခြင်း၊ အသံပျက်ခြင်းဖြစ်စေတဲ့အကြောင်းအရင်းအမျိုးမျိုးရှိတဲ့အနက်က အဖြစ်များဆုံးအကြောင်းတစ်ခုကတော့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်လေ့ရှိတဲ့ အသံအိုးရောင်ခြင်းကြောင့်ဖြစ်ပါတယ်။ အဖြစ်နည်းဆုံး အကြောင်းကတော့ အသံအသုံးပြုမှုလွန်ကဲခြင်း၊ အသုံးပြုမှုမမှန်ခြင်း (အော်ခြင်း၊ သီချင်းဆိုခြင်းစသည်) တို့ကြောင့်ဖြစ်လေ့ရှိပါတယ်။
အခြားအကြောင်းအရင်းတွေကတော့-
- အသံကြိုးတွင် အသီးထွက်ခြင်း၊ အဖုပေါက်ခြင်း၊ အရည်အိတ်ဖြစ်ခြင်း
- အစာအိမ်ထဲမှ အက်ဆစ်အပေါ်ပြန်ဆန်တက်ခြင်း
- ဓာတ်မတဲ့မှုများ
- အသက်ရှူလမ်းကြောင်းထိခိုက်စေသောအရာများကို ရှူရှိုက်မိခြင်း
- ဆေးလိပ်သောက်ခြင်း
- သိုင်းရွိုက်ပြသနာများ
- အသံအိုး/ အသံကြိုးကို ထိခိုက်ဒဏ်ရာရခြင်း
- ဦးနှောက်နှင့် အာရုံကြောရောဂါများ (ဥပမာ-Parkinson’s disease, လေဖြတ်ခြင်း)
- အသံအိုး(လေပြွန်)ကင်ဆာ
ရောဂါလက္ခဏာများ
အသံပျက်ခြင်းကြောင့် အသံသြခြင်း၊ ရှတတဖြစ်ခြင်းတွေအပြင် အသံအနေအထားနဲ့ အတိုးအကျယ်ကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ ရောဂါလက္ခဏာမြန်မြန်ဖြစ်တာနဲ့ အခြားတွဲဖြစ်တတ်တဲ့လက္ခဏာတွေကတော့ အသံပျက်ခြင်းကိုဖြစ်စေတဲ့နောက်ခံအကြောင်းအရာအပေါ်မှာ မူတည်ပါတယ်။
စစ်ဆေးခြင်း
အသံပျက်ရခြင်းရဲ့လက္ခဏာအသေးစိတ်နဲ့ အခြားတွဲဖြစ်တဲ့လက္ခဏာတွေကို မေးမြန်းခြင်း၊ လည်ပင်းနဲ့ဦးခေါင်းပိုင်းကို အဓိကထားပြီး စစ်ဆေးခြင်းတွေကနေလည်း ရောဂါအမည်သတ်မှတ်နိုင်ပါတယ်။ အချို့ရောဂါတွေမှာတော့ အသံကြိုးတွေကို စစ်ဆေးကြည့်ရှူဖို့အတွက် လည်ချောင်းထဲကိုပြွန်ထည့်ပြီးကြည့်ဖို့လိုပါတယ်။ အသံသြတာ ၂-၃ ပတ်ထက်ပိုပြီးကြာလာရင်တော့ ခံတွင်းနဲ့လည်ချောင်းဆိုင်ရာအထူးကုဆရာဝန်နဲ့ သေချာပြသဖို့လိုအပ်ပါတယ်။
ကုထုံးများ
အသံပျက်ရတဲ့အကြောင်းအရင်းအပေါ်မူတည်ပြီး ကုထုံးအမျိုးမျိုးရှိပါတယ်။
- အသက်ရှူလမ်းကြောင်းထဲပိုးဝင်ခြင်းကြောင့် ခဏတာလေပြွန်ရောင်တာဆိုရင်တော့ ရောဂါပိုးကင်းစင်သွားရင် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။ ချောင်းဆိုးပျောက်ဆေးနဲ့ ရေနွေးငွေ့ရှူခြင်းတွေက ရောဂါမြန်မြန် သက်သာစေနိုင်ပါတယ်။ အသံကြိုးကိုနောက်ထပ် မထိခိုက်မိစေဖို့နဲ့ ဒဏ်မဖြစ်စေဖို့အတွက် အသံကိုခဏနားထားသင့်ပါတယ်။ လေပြွန်ရောင်ခြင်းမှာ အများအားဖြင့် ပိုးသတ်ဆေးသောက်စရာမလိုပါဘူး။
- ဆေးလိပ်သောက်တတ်တဲ့သူတွေမှာဆိုရင် ဆေးလိပ်ဖြတ်ရပါမယ်။
- အသံအလွန်အကျွံသုံးခြင်းကြောင့် (သို့) အသံကိုမှားယွင်းစွာသုံးမိလို့အသံပျက်တာဆိုရင်တော့ အသံသုံးတာကို ခဏနားထားဖို့လိုပါတယ်။ လေပြွန်ရောင်နေစဉ်မှာ အသံအရမ်းသုံးခြင်းကြောင့် အသံကြိုးကနေ သွေးထွက်စေနိုင်ပါတယ်။
- အက်ဆစ်အပေါ်ဆန်တက်ခြင်း၊ ဓာတ်မတဲ့ခြင်းများကြောင့် အသံပျက်တာဆိုရင်တော့ ဒီရောဂါတွေကို ကုလိုက်ရင်ရပါတယ်။
- အချို့သော အသံအိုး၊အသံကြိုးတွေမှာ အသီးထွက်ခြင်း၊ အဖုထွက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနဲ့ လေပြွန်ကင်ဆာတွေအတွက်တော့ ခွဲစိတ်ကုသမှုလိုအပ်ပါတယ်။
ကာကွယ်ရန်နည်းလမ်းများ
- အသံအလွန်အကျွံသုံးရတဲ့အခြေအနေကိုရှောင်ကြဉ်ပါ။ ဖြစ်နိုင်ရင် မိုက်ခရိုဖုန်းသုံးပါ။
- အသံလေ့ကျင့်ခြငး်တွေအတွက် အသံကုထုံးပညာရှင် (သို့) သီချင်းနည်းပြဆရာတွေက ကူညီပေးပါလိမ့်မယ်။
- ဆေးလိပ်ဖြတ်ခြင်းအားဖြင့် အသံပျက်ခြင်းနဲ့ လေပြွန်ကင်ဆာတွေကို ကာကွယ်နိုင်ပါတယ်။
- အက်ဆစ်အပေါ်ဆန်တက်ခြင်းကြောင့် အသံပျက်သူတွေမှာဆိုရင် ဆေးတွေ၊ အစား အစာပြောင်းလဲမှုတွေ (အရက်၊ ကဖင်းနဲ့ အစပ်စာများရှောင်ခြင်း) တွေပြုလုပ်ရပါမယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























