အသံနာရသောအကြောင်းရင်းများ
1. အသံအိုးရောင်ရမ်းခြင်း
အအေးမိထားခြင်းကြောင့်မဟုတ်ဘဲ အသံနာတာ၊ အသံမထွက်တော့တာဟာ အသံအိုးရောင်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ပုံမှန်အသံအနေအထားထက်ကျော်လွန်ပြီး အသံကို အားကုန်စိုက်ထုတ်ရတာများလာလေ အသံအိုးပေါ်ကို ဖိအားသက်ရောက်လေပါ။ အသံအိုးရောင်လာတဲ့အခါ အသံထွက်အောင်လုပ်ပေးတဲ့ အသံကြိုးကပါ ရောင်ရမ်းလာခြင်းကြောင့် ပင်ကိုအသံပါပျက်ပြီး ပိုမိုဆိုးရွားပါက အသံမထွက်တော့တဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသံအနေအထားပြောင်းလဲခြင်းဟာ အအေးမိခြင်းကြောင့်သာမဟုတ်ဘဲ အသံအိုးရောင်နေခြင်းကြောင့်ဖြစ်နိုင်တယ်ဆိုတာကို ဂရုပြုသင့်ပါတယ်။
2. အသံပါဝါရှိသမျှ ထုတ်သုံးခြင်း
အားကစားပွဲ၊ ဂီတဖျော်ဖြေပွဲမှာ အသံကုန်အော်ဟစ်အားပေးခြင်းကြောင့်လည်း အသံနာစေနိုင်ပါတယ်။ အရည်များများသောက်မယ်၊ ငုံဆေးပြားတွေမှီ၀ဲမယ်၊ ပြည့်ပြည့်၀၀အနားယူလိုက်မယ်ဆိုပါက အလိုအလျောက် သက်သာသွားမှာပါ။ ဒါပေမယ့် အသံနာတာထက်ပိုဆိုးပြီး အသံမထွက်တော့တဲ့အခြေအနေမျိုးဆိုရင်တော့ ကောင်းကောင်းအနားယူပြီး ကုသသင့်ပါပြီ။ ဒီလိုအနားပေးလိုက်မှသာ အသံအိုးရောင်ခြင်းကြောင့် အသံကြိုးဒဏ်ဖြစ်စေမှုကို လျင်မြန်စွာသက်သာစေမှာဖြစ်ပါတယ်။
3. အစာပြွန်သို့ အချဉ်ဓာတ်အက်ဆစ်များဆန်တက်ခြင်း
အစာအိမ်မှ အချဉ်ဓာတ်အက်ဆစ်များအစာပြွန်သို့ ပြန်တက်လာခြင်းကြောင့် အသံကြိုးကိုရောင်စေနိုင်ပါတယ်။ အသံနာခြင်းက ရက်ပိုင်းအတွင်းဒါမှမဟုတ် ရက်သတ္တပတ်အတွင်း မသက်သာတာဟာ ယင်းကဲ့သို့အစာပြွန်မှာ အချဉ်ဓာတ်အက်ဆစ်များရောက်ရှိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ တခါတရံမှာ တခြားလက္ခဏာတွေ (ဥပမာ-ရင်ပူခြင်း၊ စားချဥ့်ပြန်ခြင်း) တွဲဖက်မပြတာမျိုးကြုံရနိုင်တဲ့အတွက် အသံနာခြင်းကို အချိန်ကြာရှည်စွာခံစားနေရပါက ဆရာ၀န်နှင့်ပြသင့်ပါတယ်။ ရောဂါသက်သာဖို့အတွက် ဆရာ၀န်ညွှန်ကြားတဲ့ antacids၊ စတီးရွိုက်ဆေးကို မပျက်မကွက်သောက်ဖို့လိုအပ်ပါတယ်။
4. မှိုပိုးကူးစက်ခြင်း
လည်ချောင်းမှာ မှိုကူးစက်ခြင်းကို ပါးစပ်မှာမက်ခရုပေါက်တယ်လို့လည်း ခေါ်နိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေ၊ HIV၊ ကင်ဆာရောဂါ၊ ပန်းနာရင်ကြပ်ရောဂါအတွက် corticosteroid inhaler အသုံးပြုနေရသူ ပန်းနာရင်ကြပ်သမားတွေမှာအဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ စတီးရွိုက်ဆေးကကိုယ်ခံအားကျစေပြီး မှိုကိုရှင်သန်စေခြင်းကြောင့်ပါ။ မှိုပိုးဆန့်ကျင်ဆေးတွေက ရောဂါကိုသက်သာစေနိုင်ပါတယ်။ ဒါပေမယ့် အသံပိုင်းဆိုင်ရာချို့ယွင်းခြင်းအတွက် ဆရာ၀န်ပြတာအကောင်းဆုံးပါ။ ရောဂါစမ်းသပ်ရှာဖွေရာမှာ (ENT) လို့ခေါ်တဲ့ နား၊ နှာခေါင်း၊ လည်ချောင်းကို စမ်းသပ်မှာဖြစ်ပြီး အသံထိခိုက်ခြင်းဟာ အက်ဆစ်ကြောင့်ဖြစ်စေသလား၊ မှိုကြောင့်ဖြစ်စေသလားဆိုတာဆုံးဖြတ်မှာပါ။ (ENT) စစ်ဆေးခြင်းဖြင့် အသံအိုးကင်ဆာဖြစ်နေသလားဆိုတာကိုပါ သိရှိနိုင်ပါတယ်။
CMS






























