အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါကို ပိုဆိုးစေမယ့်အစားအစာတွေ
ကျွန်မတို့တွေဟာ တုပ်ကွေးသက်သာအောင် ကြက်စွပ်ပြုတ်တို့ ကြက်ပေါင်းရည်တို့ သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တုပ်ကွေးကို ပိုဆိုးစေတဲ့အစားအစာတွေလည်း ရှိနေတယ်ဆိုတာ သိရှိကြတာ နည်းပါတယ်။ ဒါကြောင့်မို့ နေမကောင်းဖြစ်ပြီဆိုတာနဲ့ ရှိသမျှအစားအစာတွေ အကုန်စားမယ့်အစား ယခုဖော်ပြပေးမယ့် အစားအစာတွေကို ရှောင်ခြင်းဖြင့် နေမြန်မြန်ပြန်ကောင်းဖို့ အထောက်အကူဖြစ်စေမှာပါ။
(၁) ကြွပ်ရွသောအစာများ
လည်ချောင်းကို ယားစေပြီး လည်ချောင်းနာခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
(၂) အရက်
အရက်က သွေးဖြူဥတွေကို အားနည်းစေပြီး ရေဓာတ်ကိုနည်းပါးစေပါတယ်။
(၃) အစပ်များ
ဖျားခြင်းနဲ့ ဗိုက်အောင့်ခြင်းကို တွဲဖက်ခံစားနေရတယ် ဆိုရင်တော့ အပူအစပ်တွေစားတဲ့အခါမှာ အစာအိမ် ရောင်ရမ်းစေပြီး ဗိုက်ပိုအောင့်စေမှာပါ။
(၄) ချဉ်သောအသီးများ
လိမ္မော်သီးကဲ့သို့ ချဉ်တဲ့အသီးတွေမှာ ဗီတာမင်စီပါတာမို့ ကိုယ်ခံအားကို မြင့်စေတယ်ဆိုပေမယ့်လည်း ဖျားနေချိန်မှာ အစားအသောက် ပျက်နေသူတွေအနေနဲ့ အစာမရှိဘဲ စားသုံးမိမယ်ဆိုရင် အစာအိမ် ရောင်စေတတ်ပါတယ်။
(၅) ဆီကြော်စာများ
ဆီဖြင့် ကြော်ထားသော သရေစာများ၊ ဘာဂါ၊ အာလူးချောင်းကြော် စတဲ့ အသင့်စားအစာတွေဟာ ရောင်ရမ်းခြင်းကို ပိုဖြစ်စေပြီး အဖျား တာရှည်စေပါတယ်။
(၆) ကဖိန်းဓာတ်ပါသောအရည်များ
ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ စတဲ့ အရည်တွေဟာ ရေဓာတ်ဆုံးရှုံးစေဖို့ အားပေးပါတယ်။ နောက်ပြီး သကြား များစွာပါဝင်တဲ့အတွက် ဖျားနာနေတဲ့အချိန် ရှောင်သင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























