အအေးမိရင် ဘယ်လိုနေထိုင်ကြမလဲ?
အအေးမိရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးပေါင်းများစွာ ရှိပါတယ်။ အများစုကတော့ ရောဂါလက္ခဏာတွေ ဆင်တူကြပါတယ်။ လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက် ကွဲပြားသော်လည်း အများစုကတော့ ဗိုင်းရပ်ပိုး ကူးစက်ခံရပြီး 2-3 ရက်အကြာမှာ ရောဂါလက္ခဏာ စပြတတ်ပြီး 4 ရက်မြောက်နေ့မှာတော့ အမြင့်ဆုံးရောက်ကာ 7 ရက်မြောက်လောက်မှာ တဖြည်းဖြည်း သက်သာလာပါတယ်။ အဖြစ်များဆုံး လက္ခဏာတွေကတော့ လည်ချောင်းနာခြင်း၊ ယားယံခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်ကြပါတယ်။ နှာချေခြင်း၊ ဖျားခြင်း၊ မောပန်းခြင်းတွေကိုလည်း ခံစားရနိုင်ပါတယ်။
အအေးမိရောဂါရဲ့ ကူးစက်ခံရတဲ့အချိန်ကနေပြီး ပျောက်ကင်းသွားချိန်အထိဆိုရင် 7-10 ရက်လောက် ကြာတတ်ပါတယ်။ ကိုယ်ခံအားကျနေသူနဲ့ အခြားရောဂါရှိသူတွေမှာဆိုရင် 10 ရက်ထက် ပိုပြီးကြာနိုင်ပါတယ်။ ရောဂါလက္ခဏာမပြမီ ရက်အနည်းငယ်ကနေ ရောဂါပျောက်ကင်းပြီး ရက်အနည်းငယ်ကြာတဲ့အထိ အခြားသူတွေကို ကူးစက်နိုင်ပါတယ်။
♦ ပထမနေ့နှင့် ဒုတိယနေ့ - ပင်ပန်းနွမ်းနယ်ခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း
အအေးမိရောဂါ လက္ခဏာတွေက ဖြည်းဖြည်းချင်း ပေါ်လာတတ်ပါတယ်။ ပထမဆုံးအနေနဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်းစတဲ့ လက္ခဏာတွေ စတင်ပြီး ခံစားလာရပါတယ်။ ဒုတိယနေ့လောက်မှာဆိုရင် လည်ချောင်းထဲမှာ တစ်ခုခုရှိနေသလို ယားသလို နေပါလိမ့်မယ်။ ပြီးရင် ပုံမှန်ထက် ပိုပြီး နှာတွေချေပါလိမ့်မယ်။ ဒီအချိန်မှာ ပင်ပန်းနွမ်းနယ်မှု ပြေပျောက်စေဖို့နဲ့ အအေးမိတာ ပိုမဆိုးစေဖို့အတွက် ပြည့်ပြည့်ဝဝ အနားယူပေးဖို့ လိုပါတယ်။ ရက်ကြာလာတာနဲ့အမျှ ရောဂါလက္ခဏာတွေလည်း သက်သာလာပါလိမ့်မယ်။
♦ 3 ရက်မြောက်မှ 5 ရက်မြောက်နေ့ - နှာခေါင်းလက္ခဏာများနှင့် ချောင်းဆိုးခြင်း
တတိယနေ့နဲ့ စတုတၳနေ့တွေမှာတော့ နှာစေးခြင်း၊ နှာပိတ်ခြင်းတွေကို ခံစားရပါလိမ့်မယ်။ နှာစေးပြီး အဝါရောင် နှာရည်ပြစ်ပြစ် (သို့) အစိမ်းရောင်တွေ ထွက်ပါလိမ့်မယ်။ လည်ချောင်းနာပြီးရင် ချောင်းစဆိုးပါမယ်။ နှာပိတ်ခြင်းနဲ့ အခြားလက္ခဏာတွေ ပျောက်သွားပြီးတဲ့နောက်မှာတော့ ချောင်းဆိုးကျန်ခဲ့တတ်ပါတယ်။
♦ 6 ရက်မြောက်နှင့် 7 ရက်မြောက်နေ့ - ရောဂါလက္ခဏာများ ပျောက်ကင်းလာ
လူအများစုကတော့ ဆေးသောက်စရာမလိုဘဲ တစ်ပတ်အတွင်း အလိုလို ပြန်ကောင်းသွားလေ့ ရှိပါတယ်။ ရောဂါလက္ခဏာ ပြင်းထန်ရင်၊ ကြာရင် (သို့) ပိုဆိုးလာတယ်ဆိုရင်တော့ ကုသမှုခံယူရပါမယ်။
♦ တစ်ပတ်ကြာပြီးနောက် ဘာတွေဖြစ်နိုင်သေးသလဲ?
အအေးမိတာကို ဂရုစိုက်ပြီး ပြုစုလျက်နဲ့ တစ်ပတ်ကြာပြီးတဲ့အထိ ပြန်မကောင်းရင် (သို့) မကြာခဏ ပြန်ဖြစ်နေမယ် ဆိုရင်တော့ အအေးမိတာ မဟုတ်တော့ပါဘူး။ တစ်ခုခုနဲ့ ဓာတ်မတည့်တာ (သို့) ရောဂါပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တဲ့ လက္ခဏာတွေကတော့ မျက်လုံးများယားခြင်း၊ နှာရည်အကြည်များ ယိုခြင်း၊ နှာပိတ်ခြင်းများကို ရက်သတ္ကပတ် အတော်ကြာအောင် ခံစားရတတ်ပါတယ်။ ရောဂါပိုးဝင်တဲ့လက္ခဏာတွေကတော့ နှာပိတ်ခြင်း၊ လည်ချောင်းနာခြင်း၊ မျက်လုံးနှင့် နှာဖူးဝန်းကျင်တွင် နာကျင်ခြင်း၊ ဖိထားသလို ခံစားရခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဖျားခြင်းများကို 1 လမှ 3 လ (သို့) 3 လထက် ပိုပြီးခံစားရတတ်ပါတယ်။
♦ အအေးမိခြင်းနဲ့ တုပ်ကွေး ဘာကွာသလဲ?
ဒီနှစ်ခုက ခွဲခြားရတာတော့ ခက်ပါတယ်။ တုပ်ကွေးက အအေးမိတာထက် ရောဂါလက္ခဏာ ပိုဆိုးပြီး ပိုကြာတယ်လို့ ဆိုပါတယ်။ တုပ်ကွေးရဲ့လက္ခဏာတွေက ရုတ်တရက် ထဖြစ်တတ်ပြီး အပူကြီးခြင်း၊ ကိုယ်လက်များ ကိုက်ခဲခြင်း၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းတို့ ဖြစ်ပါတယ်။ တုပ်ကွေးကနေပြီး အဆုတ်ရောင်ခြင်းနဲ့ အခြားရောဂါပိုးဝင်ခြင်းတွေနဲ့ ဆက်စပ်သွားနိုင်ပါတယ်။
ဒါတွေကို ကာကွယ်နိုင်ဖို့အတွက် လက်ဆေးခြင်းက ရောဂါပိုးများ ပျံ့နှံ့ခြင်းကို ကာကွယ်ရာမှာ အရေးပါပြီး တုပ်ကွေးကာကွယ်ဆေးကတော့ တုပ်ကွေးမဖြစ်အောင် ကာကွယ်ရာမှာ အရေးပါ,ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























