အာရုံကြောကို ထုံထိုင်းစေပြီး နာကျင်မှု သက်သာအောင် ပြုလုပ်နည်း (Nerve Block) အကြောင်း သိကောင်းစရာများ
နာကျင်ခြင်းေ၀ဒနာကို သက်သာစေသော နည်းလမ်းများအနက် Nerve Blockနည်းမှာ ခေတ်စားလာပါသည်။ ထုံဆေးနှင့် စတီးရွိုက်များကို နာကျင်ခြင်းဖြစ်စေသော အာရုံကြောသွင်းသို့ ထိုးသွင်းခြင်းဖြင့် နာကျင်ခြင်းသက်သာစေပြီး နေထိုင်ကောင်းလာစေသဖြင့် ထိုနည်းကို အသုံးပြုလာကြပါပြီ။ ရည်ရွယ်ချက်ကတော့ ခွဲစိတ်ကုသခြင်းကို တတ်နိုင်သမျှ မပြုလုပ်ဘဲ nerve block နည်းဖြင့် သက်သာစေဖို့ ဖြစ်ပါသည်။
သင့်အနေဖြင့် Nerve block ပြုလုပ်မည်ဆိုပါက အောက်ပါ ၄ ချက်ကို သိရှိထားဖို့ လိုပါလိမ့်မယ်။
(၁) ဆေးထိုးခံရမှာ ကြောက်တတ်ကြပါတယ်။ ဒါပေမဲ့ စိတ်ကို လျှော့ထားပါ။
လူတိုင်းလိုလိုဟာ အပ်ကြောက်ကြပါတယ်။ အချို့သော nerve block နည်းစဉ်တွေအနေဖြင့် အပ် ၆ ချောင်းခန့် အသုံးပြုရပါတယ်။ ဒါပေမဲ့ တအားနာကျင်ခြင်း မရှိသလို ဆေးထိုးချိန်ဟာလည်း တိုတောင်းတာမို့ ထိုးပြီး ၁၅ မိနစ်လောက်ဆို နေသာထိုင်သာ ရှိပါပြီ။
(၂) Nerve block ပြုလုပ်တဲ့အခါ တစ်ဦးနှင့်တစ်ဦး တုံ့ပြန်ပုံချင်း မတူညီကြပါဘူး။
အချို့လူတွေအတွက် nerve block လုပ်ပြီးပြီးချင်း နာကျင်တာသက်သာသွားကြပါတယ်။ တချို့ကတော့ nerve block အကြိမ်များများပြုလုပ်မှ သက်သာပါတယ်။ဒါဟာ ဘာကြောင့်လဲဆိုရင် တစ်ဦးချင်းဆီရဲ့ နာကျင်မှုပေါ် တုံ့ပြန်မှုမတူညီလို့ပါ။ ထိုနည်းတူ သင့်မှာ ၁၀ နှစ်နီးပါးလောက်ခံစားခဲ့ရသော နာတာရှည်နာကျင်မှုေ၀ဒနာရှိပါက နာကျင်မှုဟာ တစ်ခုထက်ပိုသော အရိုးအဆစ် သို့မဟုတ် အာရုံကြောက လာတာ ဖြစ်နိုင်တာမို့ ဆေး တစ်ခါတည်းထိုးပြီး nerve block လုပ်တာထက် အကြိမ်ရေ များစွာထိုးခြင်းက ပိုထိရောက်ပါလိမ့်မယ်။
ထို့ကြောင့် ရောဂါကိုမွေးထားသည်ထက် စောစောဖြစ်တာနှင့် ကုသမှုခံယူသင့်ပါတယ်။
(၃) ဆေးထိုးပြီးနောက် နာကျင်ခြင်းလည်း ရှိန်ိုင်တယ်။
ဆေးထိုးပြီးနောက် နာကျင်ခြင်း မအီမသာဖြစ်ခြင်းတို့ ခံစားရနိုင်ပြီး ရက်အနည်းငယ်ကြာရင် သက်သာပါလိမ့်မယ်။ ထုံဆေးသုံးပါက ထုံဆေးပြယ်တာနှင့် နာနိုင်ပြီး စတီးရွိုက်သုံးပါက ပိုမိုထိရောက်မှုရှိပါတယ်။
(၄) ဆေးထိုးရမည့် အကြိမ်ရေဟာ သင့်ရောဂါအခြေအနေပေါ် မူတည်ပါတယ်။
သင့်ရောဂါအခြေအနေပေါ် မူတည်ပြီး ၁၂ လ အတွင်း ၃ ကြိမ်မှ ၆ ကြိမ်အထိ ထိုးနိုင်ပြီး အကြိမ်ရေကို သမားတော်က သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူများအနေနှင့် ဆေးထိုးကြိမ်နည်းမှာ ဖြစ်ပါတယ်။
Nerve block နည်းလမ်းရဲ့ ရည်ရွယ်ချက်မှာ အနာသက်သာပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို အဆင်ပြေစွာ ပြုလုပ်နိုင်ဖို့ ဖြစ်တာနှင့်အညီ လူနာအများစုအတွက် အကျိူးရှိတာ တွေ့ရပါတယ်။ စနစ်တကျ ပြုလုပ်ပေးမည့် ဆရာ၀န်များနှင့် တိုင်ပင်ဆွေးနွေးဖို့ မမေ့နဲ့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























