အာလူးကိုတစ်ပတ်လျှင် လေးကြိမ်ထက်မနည်း စားသူများတွင် သွေးဖိအားမြင့်နိုင်ခြေမြင့်မား
အာလူးဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်မျိုးပါ။ ဒါပေမယ့် တစ်ပတ်အတွင်းမှာလေးကြိမ် (သို့မဟုတ်) လေးကြိမ်ထက်ပိုပြီးစားသူတွေမှာ သွေးဖိအားမြင့်မားနိုင်ပါတယ်။ အာလူးအစား များခြင်းကြောင့် သွေးဖိအားမြင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး Harvard Medical School မှ အာဟာရဗေဒပိုင်းဆိုင်ရာ ပညာရှင်တွေက အမျိုးသား၊ အမျိုးသမီး 187,000 ဦးအား အစာစားသုံးမှုအလေ့အထပေါ်တွင်မူတည်ပြီး အနှစ် 20 ကြာ လေ့လာထားသည့်စာရင်းအရ တစ်ပတ်လျှင်လေးကြိမ် ဒါမှမဟုတ် လေးကြိမ်ထက်ပိုကာ အာလူးဖုတ်၊ အာလူးပြုတ်၊ အာလူးထောင်းကို စားလေ့စားထရှိသူ အမျိုးသား၊ အမျိုးသမီးတွေဟာ တစ်လလျှင်တစ်ကြိမ်သာ အားလူးစားလေ့ရှိသူတွေထက် သွေးဖိအား 11 ရာခိုင်နှုန်းထိမြင့်တက်မှုရှိကြောင်း၊ ထို့အတူ အာလူးချောင်းကြော်ကို တစ်ပတ်လျှင်လေးကြိမ်ထက်မနည်းစားသူတွေမှာ သွေးဖိအားမြင့်တက်ခြင်း 17 ရာခိုင်နှုန်းအထိ မြင့်မားကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။
အာလူးမှာ glycaemic index မြင့်မားခြင်းကြောင့် အားလူးအစားများသူတွေမှာ သွေးဖိအားမြင့်တက် ရခြင်းဖြစ်တယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။ GI မြင့်တဲ့အစားအစာတွေရဲ့သဘာ၀ကိုက ခန္ဓာကိုယ်မှာစွမ်းအင်ကို မြန်မြန်ဖြစ်စေကာ သွေးတွင်းသကြားဓာတ်ကို တဟုန်ထိုးမြင့်သွားစေနိုင်တဲ့ သဘောရှိတဲ့အတွက် အာလူးများများစားတဲ့အခါ သွေးဖိအားမြင့်တက်ခြင်း နဲ့ကြုံရတာပါ။ နောက်ပြီး အာလူးမှာပါတဲ့ ကစီဓာတ်ဟာ ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ သကြားအဖြစ်သို့ပြောင်းသွားတာကြောင့် အာလူးအစားများလေ သွေးတွင်းသကြားဓာတ်များများ ဖြစ်တည်နိုင်လေလို့ ဆိုရမှာဖြစ်ပါတယ်။ သွေးတွင်း သကြားဓာတ်များတော့ ဆီးချိုသွေးချိုရောဂါဖြစ်ဖို့ အခွင့်အလမ်းများသွားပါတယ်။ တစ်ပတ်အတွင်းမှာ အားလူးလေးကြိမ်ထက်မနည်းစားသူ အမျိုးသမီးတွေမှာဆို ကိုယ်၀န်ဆောင်ချိန်မှာ ဆီးချိုသွေးချိုဖြစ်နိုင်ခြေ 27 ရာခိုင်နှုန်းနီးပါးရှိပါတယ်။ အထက်ဖော်ပြပါလေ့လာချက်အရ အာလူးကကျန်းမာရေးဆိုးကျိုးကို မဖြစ်စေနိုင်တဲ့ လူကိုစွမ်းအင်ပေးသော အစာအာဟာရတစ်ခုဖြစ်တယ်ဆိုပေမယ့်လည်း ကြိုက်လွန်းအားကြီး လို့ နေ့စဉ်ရက်ဆက်ဆိုသလို စားမယ်ဆိုမယ်ဆိုရင်တော့ ကောင်းကျိုးထက်ဆိုးကျိုးခံစားရစေနိုင်တဲ့အတွက် အာလူးကိုချင့်ချိန်စားတတ်ဖို့ရာ အသိပေးထားခြင်းဖြစ်တယ်ဆိုတာ သိရပါတယ်။
CMS






























