အားလပ်ရက်မှာ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ
အားလပ်ရက်ဆိုတာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ စိတ်အပန်းဖြေ၊ ပျော်ရွှင်ရမယ့်အချိန်တစ်ခုပါပဲ။ မကောင်းတွေး တွေးတာတော့ မဟုတ်ပေမယ့် ဒီအချိန်ဟာ ကျန်းမာရေးနဲ့ အသက်အန္တရာယ် လုံခြုံမှုအတွက် ဂရုစိုက်သင့်တဲ့ အခြေအနေတစ်ခုပါပဲ။ မဆုံးနိုင်တဲ့ပါတီတွေ၊ အစားအသောက်အသစ်တွေ၊ ချက်နည်းပြုတ်နည်းအသစ်တွေ၊ နောက်ဆုံး လက်ဆောင်ဝယ်ဖို့ ဈေးဝယ်ထွက်တာအထိကို ကျန်းမာရေးပြဿနာပေးနိုင်တာ တော်တော်များပါတယ်။
● အားလပ်ရက် ကိုယ်အလေးချိန်တက်ခြင်း
အားလပ်ရက်မှာ ချက်ပြုတ်စားသောက်တာတွေက တစ်ပေါင်လောက်တော့ အနည်းဆုံး တက်စေနိုင်တယ်။ အားလပ်ရက်မှာ စားချင်တာ မှန်သမျှသာ အကုန်စားမိရင် အားလပ်ရက်လည်း ကုန်ဆုံးရော ဖိုးဝရုပ်ကြီး ဖြစ်နေပါလိမ့်မယ်။
● အစာနင်ခြင်း
နင်တာဟာ အင်မတန် ကြောက်ဖို့ကောင်းတဲ့ အခြေအနေတစ်ခုပါပဲ။ အားလပ်ရက်မှာ စားချင်တာ စားတဲ့အခါမှာလည်း သေချာဝါးစားဖို့ သတိပေးပါရစေ။ မနင်အောင် နည်းနည်းစီစားပြီး သေချာဝါးစားပေးဖို့ အရေးကြီးတယ်။ စားနေရင်း စကားပြောတာ၊ အာရုံလွဲတာတွေ မဖြစ်ပါစေနဲ့။ အထူးသဖြင့် ဟော့ဒေါ့ချောင်းတွေ၊ စပျစ်သီးတွေ၊ သကြားလုံးတွေ၊ အသီးမာမာတွေ၊ ဟင်းသီးဟငး်ရွက်တွေပေါ့။
● အားလပ်ရက် နှလုံးဖောက်ခြင်း
အားလပ်ရက်အချိန်တွေမှာ စိတ်ဖိစီးမှုတွေ၊ အစားများခြင်းတွေ၊ အားလပ်ရက်အပျော်ပျက်မှာဆိုးလို့ ရင်ဘတ်အောင့်တာကို လျစ်လျူရှုထားတာ၊ ဆေးသောက်မေ့နေတာ၊ ဆေးရုံဝန်ထမ်း မလုံလောက်တာတွေကြောင့် အားလပ်ရက်တွေဟာ နှလုံးဖောက် သေဆုံးတာ အများဆုံးအချိန်ဖြစ်တယ်။ ဒါကြောင့် မပေါ့ဆပါနဲ့လို့ ပြောချင်တယ်။
● အအိပ်ပြဿနာတွေ
ညဘက်ပါတီတွေ၊ မနက်စောစော ဈေးဝယ်ထွက်တာတွေ၊ နှစ်အကုန် အပြီးဖြတ်ရမယ့်အလုပ်တွေကြောင့် အိပ်ရေးမဝတာ အဖြစ်များတယ်။ ခရီးသွားတာ၊ ဆွေမျိုးအိမ်တွေလည်တာ၊ အချိန်ကွာဟမှုကြောင့် အိပ်မပျော်တာတွေ၊ မရင်းနှီးတဲ့အိပ်ရာတွေကြောင့်လည်း အိပ်ရေးပျက်တတ်သေးတယ်။ အိပ်ရေးပျက်ခြင်းကြောင့် ခုခံအားကျတာ၊ စိတ်ဖိစီးမှုတွေ များလာတာ၊ ကိုယ်အလေးချိန်တက်တာ၊ စိတ်ဓာတ်ကျတာ၊ ယာဉ်တိုက်မှုဖြစ်တာတွေ ပိုဖြစ်လာတတ်တယ်။ ပျော်ရွှင်တဲ့အားလပ်ရက်ကလေးကို ပိုင်ဆိုင်ဖို့အတွက် အိပ်ရေးဝဖို့လိုတယ်။
● စိတ်ဖိစီးမှုတွေ
အားလပ်ရက်တစ်ဝိုက်မှာ စိတ်ဖိစီးမှုများတာဟာ တခြားအချိန်တွေထက် ပိုဆိုးတတ်တယ်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ အမေရိကန် စိတ်ရောဂါအဖွဲ့အစည်းက ၄၄% သော အမျိုးသမီးတွေဟာ အားလပ်ရက်တစ်ဝိုက်မှာ အမျိုးသားတွေထက်စာရင် စိတ်ဖိစီးမှု ပိုများတယ်။ ဒါကြောင့် အရမ်းစိတ်ဖိစီးမှု များလာပြီဆိုရင် အကူအညီတောင်းဖို့ကိုလည်း မကြောက်ပါနဲ့။
● အားလပ်ရက် ဈေးဝယ်ထွက်ခြင်း
အထုပ်တွေ တစ်ပုံကြီးနဲ့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဈေးဝယ်ထွက်တဲ့အခါ ကျောအောင့်တာ၊ ခါးနာတာတွေ ဖြစ်တတ်တယ်။ တစ်နေကုန် မတ်တပ်မတ်တပ်နဲ့ လျောက်သွားမနေဘဲ အနားယူချိန်လေးလည်း ထားပါ။ ဘယ်လိုသယ်တယ်ဆိုတာကလည်း အရေးကြီးသေးတယ်။ အလေးအပင်တွေမတဲ့အခါ ဒူးကွေးပြီး ဝမ်းဗိုက်ကြွက်သားတွေကို တောင့်ထားပါ။ သယ်မယ့်ပစ္စည်းကိုလည်း အလေးမျှအောင် ကိုယ်နဲ့ကပ်ပြီးသယ်ပါ။
ပျော်ရွှင်စရာ အားလပ်ရက်လေးတွေကို ကျန်းကျန်းမာမာ ဖြတ်သန်းလိုက်ကြရအောင် ...
Dr. Mya Phoo Ngon (www.drmyanmar.com)






























