အိပ်စက်ချိန်နည်းလွန်းပါက ကျောက်ကပ်ပျက်စီးစေနိုင်
တစ်ညတာအိပ်စက်ချိန် 5 နာရီ ဒါမှမဟုတ် 5 နာရီထက်နည်းပြီး အိပ်စက်သူတွေမှာ ကျောက်ကပ် ပျက်စီးနိုင်ကြောင်းကို လေ့လာမှုအရသိရှိရပါတယ်။ အမေရိကန်နိုင်ငံမှ သုတေသီများအနေနဲ့ လူပေါင်း 4,000 အား ဆယ်စုနှစ်တစ်စုစာ လေ့လာခဲ့ရာ လေ့လာမှုမှာပါ၀င်တဲ့ သူများထဲမှ အိပ်စက်ချိန် 5 နာရီသာရှိသောသူများဟာ အိပ်စက်ချိန် 7-8 နာရီရှိသောသူများထက် ကျောက်ကပ်လုပ်ဆောင်ရည် 65 ရာခိုင်နှုန်း ပိုမိုကျဆင်းကြောင်းကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။
ပုံမှန်အိပ်စက်ချိန်နည်းသူတွေမှာ အ၀လွန်ခြင်း၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေရှိကြောင်း ယခင်လေ့လာမှုများအရသိရှိခဲ့ရပြီး အိပ်စက်ချိန်နည်းခြင်းဟာ ကျောက်ကပ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိကြောင်းကို လေ့လာမှုအသစ်အရ သိရှိရခြင်းဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့အဓိက လုပ်ဆောင်ချက်ဟာ သွေးထဲမှအညစ်အကြေးများကို ဆီးအဖြစ်သို့ မပြောင်းမီမှာ စစ်ထုတ်ပေးရတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်အညစ်အကြေးတွေကို စွန့်ပစ်ရာမှာ အဓိကလိုအပ်တဲ့ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ဒါ့အပြင် သွေးဖိအားပုံမှန်ဖြစ်စေတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးတာ၊ အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် D တွေ ထုတ်လုပ်ပေးတာ၊ သွေးနီဥထုတ်လုပ်ဖို့ထိန်းချုပ်ပေးတာ၊ နှလုံးနဲ့ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်အောင် ဆောင်ရွက်ပေးတာ စတဲ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကို ပြုလုပ်ပေးပါတယ်။ အိပ်ချိန်နည်းခြင်းဟာ ကျောက်ကပ်စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့အတွက် ရေရှည်မှာကျောက်ကပ်ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိစေနိုင်ပါတယ်လို့ လေ့လာသူတွေ ဆိုပါတယ်။ ဒါပေမယ့် ပိုမိုတိကျစွာသိရှိဖို့အတွက် လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့တော့ လိုအပ်ပါသေးတယ်။
CMS (www.drmyanmar.com)






























