အိပ်စက်အနားယူဖို့ လိုအပ်တာ ဘာကြောင့်လဲ
ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်လာတဲ့အချိန်မှာ အိပ်စက်ကြတယ်လို့ အထင်ရှိကြပေမယ့်လည်း အမှန်တော့ အဲလိုမဟုတ်ပါဘူး။ အိပ်စက်ခြင်းဆိုတာ အရေးကြီးတဲ့ဖြစ်စဉ်တွေ၊ ပြန်လည်ထိန်းသိမ်းမှုတွေနဲ့ အင်အားတွေဖြစ်စေတဲ့ ကာလအပိုင်းအခြားတစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်လိုဖြစ်လာတယ်နဲ့ ဘာကြောင့်ဖြစ်စေရလဲဆိုတဲ့ အကြောင်းအရင်းတွေကတော့ ယနေ့တိုင် ဒဏ္ဍာရီဆန်ဆန် ပြောဆိုနေကြတုန်းပါ။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေကတော့ အိပ်စက်ခြင်းရဲ့အရေးပါတဲ့ လုပ်ငန်းဆောင်တာအချို့နဲ့ ကျန်းမာလန်းဆန်းဖို့အတွက် အိပ်စက်ဖို့လိုကြောင်းကိုတော့ သိရှိပြီးဖြစ်ပါတယ်။
အိပ်စက်ခြင်းရဲ့ အရေးကြီးတဲ့တာဝန်တစ်ရပ်မှာ မှတ်ဉာဏ်တွေကို စုစည်းပေးတာ ဖြစ်ပါတယ်။
Revicon 1

တစ်နေ့တာအတွင်း ဦးနှောက်ဟာ အချက်အလက်ပေါင်းများစွာကို သိမ်းဆည်းရပါတယ်။ ထိုအချက်တွေကို တိုက်ရိုက်မှတ်တမ်းတင်တာထက်စာရင် ရှေးဦးစွာဖြစ်စဉ်တွေကို ခွဲခြမ်းစိတ်ဖြာ၍ သိမ်းဆည်းပါတယ်။ အိပ်စက်နေစဉ်အတွင်း အချက်အလက်အပိုင်းအစတွေကို ခဏတာမှတ်ဉာဏ်မှ ရေရှည်မှတ်ဉာဏ်သို့ ပြောင်းလဲပေးပါတယ်။
သုတေသနပညာရှင်တွေရဲ့အဆိုအရ လူတွေဟာ အိပ်စက်ပြီးနောက်မှာ အချက်အလက်တွေကို သိမ်းဆည်းတာသာမက မှတ်ဉာဏ်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာပါ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။ ထို့ပြင် ခန္ဓာကိုယ်မှကြွက်သားတွေဖွံ့ဖြိုးရန်၊ တစ်သျှူးတွေပြင်ဆင်ရန်နှင့် ဟော်မုန်းတွေတည်ဆောက်ရန်အတွက်လည်း အိပ်စက်ရန် လိုအပ်ပါတယ်။
Revicon 2

>> လူတစ်ယောက်အတွက် အိပ်စက်ချိန် မည်မျှလိုအပ်ပါသနည်း။
မှတ်ဉာဏ်ကောင်းမွန်စေရန်နဲ့ အတတ်ပညာတွေ သင်ယူရန် အိပ်စက်ချိန် အလုံအလောက်ရဖို့ အလွန်တရာမှပင် အရေးကြီးလှပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ တစ်နေ့လျှင် အိပ်ချိန် 7 နာရီမှ 9 နာရီထိ လိုအပ်ပြီး အသက်တစ်နှစ်ခန့်ကလေးတွေမှာ 11-14 နာရီခန့်၊ ကျောင်းတက်တဲ့အရွယ်ကလေးတွေမှာ 9-11 နာရီခန့်နဲ့ ဆယ်ကျော်သက်တွေမှာ 8-10 နာရီခန့် အသီးသီး လိုအပ်ကြပါတယ်။ ခန္ဓာကိုယ်ကြီးထွားတဲ့အချိန်နဲ့ စာသင်ကြားနေတဲ့ အရွယ်မှာဆိုလျှင် လူငယ်တွေဟာ အမြဲနိုးကြားတက်ကြွနေစေဖို့ အိပ်စက်ချိန်လုံလောက်ဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ လူတစ်ယောက်ဟာ အိပ်ရေးပျက်တာတွေကို စုထားပြီး အတိုးချ၍ ပြန်အိပ်စက်တာကို မလုပ်သင့်ပါဘူး။ အကောင်းဆုံး အိပ်စက်ခြင်းအလေ့အကျင့်ဆိုတာ ပုံမှန်လည်ပတ်နေသင့်ပြီး အသက်အရွယ်မရွေး နေ့စဉ်နေ့တိုင်း အိပ်ရေးဝဖို့ အရေးကြီးဆုံးပါပဲ။
Dr. Thinzar Wynn (www.drmyanmar.com)






























