/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိပ်နေတုန်း-သွားရည်ကျတာ-ကျန်းမာရေးကောင်းတဲ့-လက္ခဏာပါ

အိပ်နေတုန်း သွားရည်ကျတာ ကျန်းမာရေးကောင်းတဲ့ လက္ခဏာပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အိပ်နေတုန်းမှာ သွားရည်ကျလို့ လှောင်ပြောင်ခံနေရပါသလား။ ဒါက ရှက်စရာ မဟုတ်ပါဘူး၊ ကျန်းမာရေးကောင်းကြောင်းကိုပြတဲ့ လက္ခဏာပါတဲ့။

 

>>    ဘာကြောင့် သွားရည်ကျတာလဲ?

          ကလေးတွေမှာ သွားရည်ကျလေ့ရှိသလို လူကြီး တော်တော်များများမှာလည်း အိပ်ပျော်ရင်း သွားရည်ကျတတ်ကြပါတယ်။ ကျွန်ုပ်တို့ရဲ့ပါးစပ်ထဲမှာ တံတွေး အမြဲထွက်နေပြီးတော့ တစ်ခါတလေ အိပ်မောကျနေတဲ့အချိန်မှာ ပါးစပ်ကြီးပွင့်နေရင် ဒီတံတွေးတွေ ထွက်ကျလာတာကို သွားရည်ကျတယ်လို့ ခေါ်ပါတယ်။ တံတွေးဆိုတာကလည်း ခန္ဓာကိုယ်အတွက် ကောင်းတဲ့အရာပဲလေ။ ဒီတံတွေးတွေက ခံတွင်းထဲက ရောဂါပိုးတွေကို တိုက်ဖျက်ပေးရာမှာ အရေးပါ,ပါတယ်။ ဒါကြောင့် သွားရည်ကျတဲ့သူတွေက မကျတဲ့သူတွေထက် သွားကျန်းမာရေး ပိုကောင်းနိုင်ပါတယ်။

          ဒါ့အပြင် သွားရည်ကျတယ်ဆိုတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလို့ပါတဲ့။ ခန္ဓာကိုယ်တစ်ခုလုံး အနားရပြီးတော့ အရမ်းအိပ်မောကျသွားတဲ့အခါမှာ ဦးနှောက်ကနေပြီးတော့ ပါးစပ်နဲ့ လည်ချောင်းတွေကို တံတွေးမျိုချဖို့ကို အချက်ပေးဖို့မေ့သွားပါတယ်။ ဒီအခါမှာ တံတွေးတွေက သွားရည်အဖြစ် ထွက်ကျလာတာပေါ့။

          နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ကလည်း ကျန်းမာရေးအတွက် အရမ်းအရေးကြီးတယ်နော်။ ကောင်းကောင်းအိပ်မပျော်ဘဲနဲ့ နိုးလာတဲ့အခါမှာ လူကပင်ပန်း၊ စိတ်တွေရှုပ်၊ အလုပ်မှာ အာရုံမစိုက်နိုင်၊ အလိုလို ဒေါသတွေ ထွက်နေတတ်ပါတယ်။ ပြီးတော့ မြင်မြင်ရာကို စားချင်စိတ်တွေဖြစ်၊ ကိုယ့်ရဲ့ဘေးနားကလူကိုလည်း ရန်တွေ လုပ်နေတတ်ပါသေးတယ်။

          တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရင်တော့ ဒါတွေနဲ့ ဆန့်ကျင်ဘက်ပဲ။ လူက လန်းဆန်းတက်ကြွနေပြီးတော့ စိတ်ဖိစီးမှုလည်း နည်း၊ အလုပ်မှာလည်း အာရုံပိုစိုက်နိုင်ပြီးတော့ ကိုယ်ခံအားစနစ်တွေလည်း ပိုကောင်းပါတယ်။ သွားရည်ကျတယ်ဆိုတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်ဆိုတာကို ပြတာပါ။

          သွားရည်ကျတာ ကျန်းမာရေးအတွက် ကောင်းပေမယ့်လည်း မနက်နိုးလာရင် ခေါင်းအုံးမှာ သွားရည်တွေ ရွဲနေလို့ သွားရည်မကျချင်ဘူး။ ကောင်းကောင်းတော့ အိပ်ပျော်ချင်တယ် ဆိုရင်တော့ ပက်လက်လှန် အိပ်ကြည့်ပါ။ ပက်လက်လှန်အိပ်တဲ့အခါမှာ ဘေးစောင်းအိပ်တာနဲ့ မှောက်အိပ်တာထက်စာရင် သွားရည်ကျတာ နည်းစေပါတယ်၊ ခေါင်းအုံးစွပ်ကိုတော့ မကြာမကြာ လဲပေးပါ။

          အိပ်ရင် သွားရည်ကျတတ်တဲ့သူတွေ ရှက်ဖို့ မလိုဘူးနော်။ သွားရည်ကျတာ ကောင်းပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)