အိပ်မက်ဆိုး
အိပ်မက်ဆိုတာ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ နားလည်မှုအခက်ဆုံးသော အိပ်စက်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ သိပ္ပံပညာတွေက အိပ်မက်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေတွေကို ခန့်မှန်းပြောဆိုကြပေမယ့် အိပ်မက်ရဲ့ရည်ရွယ်ရိုးအစစ်အမှန်ကိုတော့ အခုထိမသိကြပါဘူး။ အိပ်မက်တွေက စိတ်ခံစားချက်တွေနဲ့ အကြောင်းအရာအမျိုးမျိုး ကို အခြေခံပြီး လွှမ်းခြုံထားလေ့ရှိတယ်။ တချို့အိပ်မက်တွေက နေ့ဘက်မှာ ကြုံတွေ့ခဲ့တာတွေကို ပြန်လည်ပြီး အိပ်မက်ထဲမှာ ပုံရိပ်လာထင်ပါတယ်။ အိပ်မက်ထဲမှာတော့ နက်ရှိုင်းတဲ့ စိတ်ခံစားချက်တွေ၊ ဆုံးရှုံးမှု ပြန်လည်ဆုံတွေ့မှုတွေ၊ ဒေါသ၊ ဝမ်းနည်းမှုနဲ့ ကြောက်ရွိ့မှုစတဲ့ ခံစားချက်မျိုးစုံ ပေါင်းစပ်ပါဝင်ကြတယ်။ ဒီထဲမှာမှ အိပ်မက်ဆိုးတွေက ထိတ်လန့်ပြီး အမြဲအာရုံထဲမှာ မှတ်မိနေတတ်ပါတယ်။
ဒီအိပ်မက်ဆိုးတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရည်ရွယ်ချက်တွေကို သိနိုင်ဖို့အတွက် အာရုံကြောဆိုင်ရာ လှုံ့ဆော်မှုတွေကို သုတေသနတွေက အဓိကထား လေ့လာခဲ့ကြပါတယ်။ ဒါ့အပြင် အိပ်မက်ဆိုးတွေနဲ့ ထိခိုက်ခံရပြီးနောက် စိတ်ဖိစီးမှုတွေဖြစ်ခြင်းနဲ့ စိတ်ပူပန်မှုများခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာရောဂါတွေအကြား ဆက်စပ်မှုကိုလည်း သုတေသနပြုကြည့်ကြပါတယ်။ ဘာတွေမက်တယ် ဆိုတာကိုတော့ သိပ်ပြီး အာရုံထား လေ့လာမှုမပြုကြပါဘူး။ အိပ်မက်ဆိုးနဲ့ ရိုးရိုးမကောင်းတဲ့အိပ်မက် နှစ်ခုကြားမှာ ကွာခြားမှုတစ်ခုကတော့ အိပ်မက်ဆိုး မက်ပြီဆိုရင် ထိတ်လန့်ကြောက်ရွံမှုကြောင့် အိပ်ရာကလန့်နိုးတာ၊ အိပ်မက်ကို အဆုံးသတ်လိုက်ချင်လို့ လန့်နိုးတာမျိုးတွေ ကြုံတွေ့ရပါတယ်။
သုတေသီတွေက အမျိုးသား၊ အမျိုးသမီး ၅၇၂ ယောက်ကို အိပ်မက်ဆိုးဖြစ်စေ၊ အကောင်းဖြစ်စေ အိပ်မက်မက်ပါက ၂-၅ ပတ်ဆက်တိုက်လောက် မှတ်မိသမျှကို မှတ်တမ်းတင်ထားစေပါတယ်။ မှတ်တမ်းထဲမှာဆိုရင် အိပ်မက်ထဲက အကြောင်းအရာတွေ၊ စိတ်ခံစားချက်တွေ၊ ဘယ်လောက် ပြင်းထန်တယ်ဆိုတာနဲ့ ခံစားရတဲ့ ကြောက်လန့်မှုတွေ (အပြင်အထိ လန့်အော်တာ၊ အိပ်နေရင်း လမ်းထလျှောက်တာ) ပါဝင်ပါတယ်။ ဒီလိုအိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတာကို် အိပ်မက်ဆိုးတွေနဲ့ ခွဲခြားဖို့ စိတ်ကူးကြပါတယ်။
အိပ်မက်အမျိုးအစားပေါင်းစုံ 10,000 နီးပါး မှတ်တမ်းပြန်တင်ခဲ့ပြီး ဒီထဲမှာမှ မကောင်းတဲ့အိပ်မက် 431 ခု၊ အိပ်မက်ဆိုး 253 ခုကို လူပေါင်း ၃၃၁ ယောက်ဆီက ရရှိခဲ့ပါတယ်။ ဒါတွေက သုတေသီတွေရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့အိပ်မက်တွေကိုပဲ ယူထားတာပါ။ ရိုးရိုးမကောင်းတဲ့အိပ်မက်နဲ့ အိပ်မက်ဆိုးကို အိပ်ရာကလန့်နိုးလာခြင်းရှိမရှိဆိုတာနဲ့ခွဲခြားခဲ့ပါတယ်။ အိပ်မက်ဆိုးတွေမက်ရင် အိပ်ရာက ရုတ်တရက် လန့်နိုးပြီး ရိုးရိုးမကောင်းတဲ့အိပ်မက်ဆိုရင်တော့ လန့်နိုးခြင်းမရှိပါဘူး။
● ဒီသုတေသနမှာ သုတေသီတွေက ပါဝင်သူတွေကို အိပ်မက်မှာပါဝင်တဲ့ အကြောင်းအရာတွေကို ခွဲခြားဖို့အတွက် ခေါင်းစဉ်အမျိုးမျိုး သုံးခွင့်ပြုထားပါတယ်။ ဒီထဲမှာဆိုရင် ကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ စနောက်ခံရတာတွေ၊ စိတ်ဝမ်းကွဲမှုတွေ၊ မတော်တဆမှုတွေ၊ ဆုံးရှုံးမှုတွေ၊ အကူအညီမဲ့မှုတွေ၊ ဘေးအန္တရာယ်၊ စိတ်ပူပန်မှုနဲ့ ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုစသည်ဖြင့် အဖြစ်များတဲ့ စိုးရိမ်မှုတွေမှသည် အနှောင့်အယှက်ဖြစ်စေတဲ့ အိပ်မက်တွေအထိ လွှမ်းခြုံမှုရှိပါတယ်။ အမျိုးမျိုး လေ့လာမှုတွေလုပ်ပြီးနောက်မှာ အိပ်မက်ဆိုးတွေက ရိုးရိုးမကောင်းတဲ့အိပ်မက်တွေလောက် အဖြစ်မများပါဘူး။ ကောက်ယူရရှိတဲ့ အိပ်မက်အားလုံးရဲ့ ၂.၉% ကသာ အိပ်မက်ဆိုးဖြစ်ပြီး ၁၀.၈% ကတော့ ရိုးရိုးမကောင်းတဲ့အိပ်မက်လောက်ပါပဲ။
● ဒီအိပ်မက်နှစ်မျိုးလုံးမှာ အဖြစ်များဆုံး အကြောင်းအရာတွေကတော့ ကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ စိတ်ဝမ်းကွဲမှုတွေနဲ့ အကူအညီမဲ့မှုတွေ ဖြစ်ပါတယ်။
● အိပ်မက်ထဲမှာ အဖြစ်များဆုံး ခံစားချက်က ကြောက်ရွံ့မှုဖြစ်ပါတယ်။
● ကြောက်ရွံ့မှုက အဖြစ်များဆုံး စိတ်ခံစားချက်ဆိုပေမယ့် အိပ်မက်ဆိုးတွေရဲ့တစ်ဝက်ကျော်လောက်က ကြောက်ရွံ့မှုနောက်ကွယ်မှာ အခြေခံအကြောင်းအရင်းတစ်ခုခုရှိနေပါတယ်။
● အိပ်မက်ဆိုးတွေက ပိုပြီးစိတ်ခံစားချက် ပြင်းထန်ပါတယ်။
● အိပ်မက်ဆိုးတွေက ပိုပြီးဆိုး၊ ဆုံးရှုံးမှု အတွေ့အကြုံပိုများပြီး ကံမကောင်းမှုတွေနဲ့ အဆိုးကောက်ချက်ချမှုတွေ ပိုများပါတဲ့အတွက် ပိုပြီးအံ့သြထိတ်လန့်မှုများပါတယ်။
● ဆိုးယုတ်မှုတွေနဲ့ စနောက်ခံရမှုတွေကလည်း အိပ်မက်မှာ တွေ့ရများတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
● ရိုးရိုးမကောင်းတဲ့အိပ်မက်က အိပ်မက်ဆိုးထက်စာရင် အကြောင်းအရင်း ပိုစုံပါတယ်။
● အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာ မက်တဲ့အိပ်မက်ဆိုးတွေကို ယှဉ်ကြည့်လိုက်တဲ့အခါ အမျိုးသားတွေက သဘာဝဘေးအန္တရာယ်နဲ့ ကပ်ဆိုးတွေအကြောင်းကို မက်တာများပြီး အမျိုးသမီးတွေက စိတ်ဝမ်းကွဲမှုတွေနဲ့ ပတ်သက်ပြီး မက်တာများပါတယ်။
သုတေသီတွေက နေ့စဉ်မက်လေ့ရှိတဲ့ အိပ်မက်တွေနဲ့ အိပ်မက်ဆိုးတွေအကြားက အဆိုးအဖြစ်အပျက်တွေ ထွက်ပေါ်လာမှုကို ယှဉ်ကြည့်လိုက်တဲ့အခါမှာ အိပ်မက်ဆိုးတွေမှာဆိုရင် စိတ်တိုမှုတွေ၊ ကံဆိုးမှုတွေ ပိုပါပြီး အကောင်းမြင်မှု ခင်မင်ရင်းနှီးမှုတွေ ပါတာနည်းပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























