အိပ်မက်ဆိုး များများမက်လေ မိမိကိုယ်မိမိ သတ်သေဖို့ အန္တရာယ် များလေ
အိပ်မက်တွေဆိုတာ ဦးနှောက်ထဲက ရှုပ်ထွေးနေတဲ့ မှတ်ဉာဏ်နဲ့ အတွေးအခေါ်တွေကို ရှင်းလင်းပေးတဲ့ဖြစ်စဉ်ပါတဲ့။ အိပ်မက်တွေအတွင်းမှာ ဦးနှောက်မှာ မှတ်သားထားသမျှကို အဖြေရှာနေပြီး အတွေးဟောင်းတွေကို ပြန်လည်စီစဉ်ပေးပါတယ်။
>> အိပ်မက်ဆိုးတွေ ဆိုတာကတော့ ဘာတွေလဲ?
အိပ်မက်ဆိုး မက်မယ်၊ လန့်နိုးမယ် ... ဒီလို မကြာခဏ ဖြစ်တတ်သူတွေမှာ မိမိကိုယ်မိမိ သတ်သေတတ်တဲ့ အန္တရာယ် များနေပါတယ်လို့ သုတေသနပညာရှင်တွေက ထောက်ပြထားပါတယ်။
အတွေးရှင်းလင်းမှုဖြစ်စဉ်မှာ ဖြစ်ပေါ်လာတဲ့ပုံရိပ်ဆိုးတွေ ကြောက်စရာအာရုံတွေဟာ စိတ်ထဲမှာ အမြစ်တွယ်နေတဲ့ ကြောက်စိတ်နဲ့ မူမမှန်စိတ်တွေ စိတ်ကျရောဂါတွေကို ရည်ညွှန်းနေပါတယ်။
စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့သူတွေဟာ မကြာခဏ အိပ်မက်ဆိုးတွေ မက်ပြီး ကယောင်ကတမ်း အထိတ်တလန့် ဖြစ်နေတတ်တယ်။
ချစ်သူ၊ ခင်သူ၊ မိသားစုနဲ့ ခွဲခွာရတာ၊ သေကွဲရှင်ကွဲ ကွဲရတာ၊ လောကဓံ ပြင်းပြင်းထန်ထန် ကြုံတွေ့ရတာ၊ ယာဉ်တိုက်မှု ကားအက်စီးဒင့်တွေ ဖြစ်ဖူးတာ၊ သဘာဝ ဘေးအန္တရာယ်တွေ ကြုံဆုံဖူးသူတွေမှာ နောက်ဆက်တွဲ စိတ်ဖိစီးမှုရောဂါကို ကြုံတွေ့ရဖွယ် ရှိနေပါတယ်။
ဒီလို အတွေးမှား အမြင်မှား အိပ်မက်ဆိုးတွေ အာရုံတွေ ရှိလေ့ရှိသူတွေဟာ မိမိကိုယ်မိမိ သတ်သေလောက်တဲ့အထိ စိတ်ပိုင်းဆိုင်ရာ ဆိုးဝါးသွားနိုင်ခြေ ရှိနေပါတယ်။
အိပ်မက်ဆိုး မက်တတ်သူတွေဟာ မျှော်လင့်ချက်မဲ့တာတွေ၊ အထိတ်တလန့်ဖြစ်တာတွေ၊ ဝမ်းနည်းကြေကွဲရတာတွေ၊ အထီးကျန်တာတွေကို ပိုမိုခံစားနေရဖွယ်ရှိပြီး နောက်ဆက်တွဲပြဿနာအနေနဲ့ မိမိကိုယ်မိမိ သတ်သေချင်လောက်တဲ့ အတွေးမှား အမြင်မှားတွေ ပေါ်ပေါက်လာနိုင်ပါကြောင်း သုတေသန အဖြေလေးတစ်ခုကို အခြေပြုလို့ ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























