အိပ်မပျော်တဲ့ညတွေကို ကုန်ဆုံးစေဖို့
အိပ်စက်ခြင်းက လူသားအားလုံးအတွက် အရေးကြီးပါတယ်။ အိပ်တယ်လို့ဆိုတဲ့နေရာမှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အချိန် ပြည့်ပြည့်ဝဝ အိပ်ပျော်ဖို့လိုပါတယ်။ အိပ်ရေးမဝတဲ့ရက်တွေ များလာရင် ရေရှည်အတွက် မကောင်းပါဘူး။ အိပ်ရေးပျက်တာတွေ ကြာတဲ့အခါမှာ သွေးတိုး၊ နှလုံး၊ ဆီးချို၊ အူမကြီးကင်ဆာ၊ သွေးတွင်းအဆီဓာတ်များခြင်းနှင့် ကိုယ်အလေးချိန်ထိန်းဖို့ခက်ခြင်း စတဲ့ ပြဿနာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။
အိပ်ရမယ့်အချိန်မှာ မအိပ်ရင် (သို့) အိပ်မပျော်ရင် နှလုံးခုန်တာက ပုံမမှန်ဖြစ်မယ်၊ ရောင်ရမ်းလွယ်မယ်၊ စိတ်ခံ့စားချက်တွေကလည်း ပြင်းထန်တယ်၊ မကောင်းဘူး စတာတွေ ဖြစ်စေနိုင်သလို ဦးနှောက်ရဲ့ လုပ်ဆောင်ချက်နဲ့ မှတ်ဉာဏ်တွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ဒါတွေအပြင် အိပ်မပျော်တာ၊ အိပ်ရေးမဝတာကြောင့် ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေကို ရွေးပြီး စားတာမျိုးတွေ ပိုများလာစေပါတယ်။
>> လူတစ်ယောက်က တစ်နေ့ကို ဘယ်လောက်အိပ်ဖို့လိုသလဲ
အရမ်းအလုပ်ရှုပ်နေရင်တောင်မှ ခဏလောက် ငိုက်မျဉ်းဖို့ အချိန်ပေးတာက အရေးကြီးဆုံး ဖြစ်နိုင်ပါတယ်။ ကောင်းမွန်တဲ့ကျန်းမာရေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် အရွယ်ရောက်ပြီး ကျန်းမာတဲ့သူတစ်ယောက်အနေနဲ့ တစ်ညကို ၇ နာရီနဲ့အထက် ပုံမှန်အိပ်ချိန် ရှိသင့်ပါတယ်။
ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်မှာ ဘယ်အချိန်အိပ်ပြီး ဘယ်အချိန်ထရမယ်ဆိုတဲ့ သဘာဝ စည်းချက်ရှိပါတယ်။ ဒါကို circadian rhythm လို့ခေါ်ပါတယ်။ ဒီစည်းချက်က အဆီတွေကိုဘယ်လိုသိုလှောင်ရမလဲဆိုတာကို ဆုံးဖြတ်တာ အပါအဝင် ဟော်မုန်းတွေ တက်လိုက်ကျလိုက်ဖြစ်တာကို ဖန်တီးပေးပါတယ်။
>> နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘယ်လိုလုပ်မလဲ?
ညဘက်တွေမှာ အိပ်မပျော်ဘူးဆိုရင် ဘာလို့အိပ်မပျော်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို သေချာပြန်ကြည့်ဖို့ လိုပါတယ်။ ဖြေရှင်းနိုင်တဲ့အကြောင်းပြချက် တွေ့နိုင်ပါတယ်၊ ဥပမာ - ကော်ဖီသောက်တာများလို့လား စသည်ဖြင့်ပေါ့။ တစ်ခါတလေကျတော့လည်း အဆစ်တွေရောင်ခြင်း၊ လည်ပင်းနာခြင်း၊ စိတ်ကျရောဂါဆေးတွေ သောက်ခြင်း စတဲ့ ရောဂါတွေကြောင့်လည်း အိပ်မပျော် ဖြစ်စေနိုင်ပါတယ်။
>> ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် ညအိပ်ခါနီးအချိန်တွေမှာ ဒါလေးတွေ လိုက်နာပါ။
● လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားပါ။
● မီးတွေ ပိတ်ထားပါ။
● အရမ်း အခြေအတင်ဖြစ်မယ့်စကားတွေ မပြောပါနဲ့။
● အိပ်ချိန် ပုံမှန်ထားပါ။ (လိုအပ်ရင် အိပ်ချိန်အတွက် alarm ပေးထားပါ။)
● အိပ်ချင်လာပြီဆိုရင် မအိပ်ဘဲမနေဘဲ အိပ်ရာထဲသွားပါ။
ကိုယ်လက်လှုပ်ရှားမှု မရှိတာကလည်း အိပ်စက်ခြင်းအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ လှုပ်လှုပ်ရှားရှားနေတာ၊ အိမ်ပြင်လေးထွက်ပြီးတော့ အပြင်လေးကို ရှူရှိုက်တာကလည်း ကောင်းကောင်း အိပ်ပျော်စေပါတယ်။
ဒီနေ့ခေတ်မှာ အိပ်မပျော်တဲ့ဝေဒနာက ကပ်ရောဂါလိုတောင်မှ ဖြစ်နေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ကြိုးစားရတာ ခက်တယ်ဆိုတာ သိပေမယ့်လည်း အိပ်ပျော်အောင် နည်းလမ်းတွေရှာပြီး လေ့ကျင့်တဲ့သူတွေအနေနဲ့ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကလည်း ပြောမပြနိုင်အောင် များပြားပါတယ်။
ကိုယ့်ရဲ့အိပ်ခန်းကို အတတ်နိုင်ဆုံးမှောင်ပြီးတော့ ဆိတ်ငြိမ်နေအောင် ထားထားပေးပါ။ ပြီးတော့ စိတ်ငြိမ်စေမယ့် အမွှေးနံ့လေး ဖြန်းထားပေးပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ကြပါစေ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























