အိပ်ရာပူနာ
အိပ်ရာပူ/အိပ်ရာနာ ဆိုပြီး သူများတွေ ပြောတာကြားဖူးကြပါလား။ နာတာရှည် အိပ်ရာထဲလဲနေတဲ့ သူတွေမှာ ကျော၊ တင်ပါးနဲ့ ခြေလက်တွေမှာ အနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါတွေဟာ ဘာကြောင့်ဖြစ်လဲဆိုရင် အရေပြားပေါ်မှာ ဖိအားတွေ အကြာကြီး သက်ရောက်နေလို့ ဖြစ်တာပါ။
ဘယ်လိုနေရာတွေမှာ ဖြစ်တတ်လဲဆိုရင် အရိုးထွက်နေတဲ့နေရာတွေ ဥပမာ - ခြေဖနောင့်၊ ခြေကျင်းဝတ်၊ တံတောင်၊ တင်ပါးနဲ့ မြီးညှောင်ရိုးတွေမှာ ဖြစ်တတ်ပါတယ်။
>> လက္ခဏာတွေ
အရေးကြီးဆုံးက ဖြစ်ဖြစ်ချင်း သိဖို့လိုပါတယ်။ ဒီအနာကို အဆင့် ၄ ဆင့် ခွဲလို့ရပါတယ်။ အနာရဲ့ အရွယ်အစား၊ အနက်၊ အခြေအနေ ဆိုး၊ မဆိုးပေါ် မူတည်ပြီး ခွဲလို့ရပါတယ်။
● အဆင့် ၁ - အရေပြားက အနီ၊ ခရမ်း၊ အပြာရောင်တွေ ဖြစ်လာမယ်။ အဲဒီနေရာတစ်ဝိုက် အသားအရေက ပုံမှန်မဟုတ်တော့ဘဲ ကိုင်ရတာ ပျော့ပျော့ ဒါမှမဟုတ် မာမာကြီး ဖြစ်လာမယ်။ နာမယ်၊ ပူမယ်၊ ယားမယ်။
● အဆင့် ၂ - အရေပြား ပေါက်ပြဲလာပြီး အနာ၊ အရည်ကြည်ဖု ဖြစ်လာမယ်။
● အဆင့် ၃ - အနာက နက်နက်ဖြစ်ပြီး အသားတွေကိုပါ ထိခိုက်လာမယ်။
● အဆင့် ၄ - အသားတွေ၊ အရိုးတွေအထိ လှိုက်စားလာမယ်။
အိပ်ရာပူနာဟာ သိပ်ပြီး မလှုပ်ရှားနိုင်တဲ့လူနာတွေမှာ အဖြစ်များပါတယ်။ ပြီးတော့ သတိမမှန်တော့တဲ့ အဘိုးအဘွားတွေ၊ တွန်းလှည်းကုလားထိုင် အသုံးပြုတဲ့ လူနာတွေဆိုလည်း မြီးညှောင်ရိုး၊ တင်ပါး၊ ကျောကုန်း၊ လက်တွေ၊ ခြေတွေရဲ့ အနောက်ဘက်တွေမှာ အဖြစ်များပါတယ်။
အိပ်ရာပေါ် လဲနေတဲ့လူနာတွေအဖို့တော့ ကျောကုန်းတွေ၊ ခေါင်းတွေ၊ ခြေဖနောင့်၊ ခြေကျင်းဝတ်၊ တင်ပါး၊ မြီးညှောင်ရိုးတွေမှာ ဖြစ်တတ်ပါတယ်။
>> ဘယ်လိုကုသကြမလဲ?
အခြေအနေ ဘယ်လောက်ဆိုးလဲဆိုတာပေါ် မူတည်ပါတယ်။ ဥပမာ - အဆင့် ၁၊ ၂ လောက်ဆို သူ့ဘာသာ ပျောက်သွားပါလိမ့်မယ်။ အဆင့် ၃၊ ၄ ကတော့ မကုသဘဲထားရင် ပိုးဝင် သွေးဆိပ်သင့်နိုင်ပြီး အသက်အန္တရာယ်ရှိပါတယ်။
>> မြန်မြန်ပျောက်အောင် ဘယ်လိုတွေလုပ်ပေးလို့ရလဲဆို
● အနာကျက်စေတဲ့ ပလာစတာတွေ ကပ်ပေးတာမျိုးက တစ်ရှူးအသစ်တွေ မြန်မြန်ဖြစ်စေပြီး အနာကျက်မြန်စေပါတယ်။ ထပ်ပြီး ဒဏ်ရာရတာမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
● အနာသက်သာ၊ အယားသက်သာအောင် လိမ်းဆေးတွေ လိမ်းပေးလို့ ရပါတယ်။
● အနာမှာ ပိုးဝင်လာရင်တော့ ပိုးသတ်ဆေးတွေ လိမ်းပေးလို့ ရပါတယ်။ ပိုးဝင်ရင် ဖျားတာ၊ ပျို့အန်တာ၊ အနာက နာကျင်ပြီး နီရဲရောင်ရမ်းတာတွေ ခံစားရပါတယ်။
● ပြီးရင် ရေနဲ့ဆေးပေး၊ သေချာ ပတ်တီးစည်းပေးတာမျိုး လုပ်ပေးပြီး ဆဲလ်အသေတွေ ဖယ်ရှားပေးတာမျိုးက အနာ မြန်မြန်ကျက်စေပါတယ်။ ဆရာဝန်ဆီမှာ ခွဲစိတ်ခန်းဝင်ပြီး ဖြတ်တောက်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်။
● တော်တော်နဲ့ မပျောက်တော့တဲ့ အနာတွေ၊ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ အနာတွေကိုတော့ ခွဲစိတ်ခန်းဝင်ပြီး ချုပ်ပေးတာမျိုး၊ အသားအစားထိုး ထည့်သွင်းပေးတာမျိုး လုပ်ပေးလို့ရပါတယ်။
>> ဘယ်လိုကာကွယ်ကြမလဲ?
● လူနာကို ပုံစံတစ်မျိုးတည်း မနေခိုင်း/မထားပါနဲ့။ ခဏခဏ ပုံစံအနေအထား ပြောင်းပေးပါ။
● အိပ်ရာ၊ ကုလားထိုင်တွေကို ဖိအားကို နေရာအမျိုးမျိုး ပြောင်းပေးတဲ့ အထူးပြုလုပ်ထားတဲ့ အခင်း (ရေမွှေ့ရာ/လေမွှေ့ရာ စသည်) တွေ တပ်ဆင်ပေးထားသင့်ပါတယ်။
● အသားဓာတ်၊ ဗီတာမင်တွေ ကြွယ်ဝတဲ့ အစားအစာတွေကို မျှမျှတတ ကျွေးပါ။
● အရေပြားကို ခြောက်ခြောက်သွေ့သွေ့၊ သန့်သန့်ရှင်းရှင်း ထားပါ။
● ဆေးလိပ်မသောက်ပါနဲ့။
Dr. Htar (www.drmyanmar.com)






























