/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိပ်ရေးအဆမတန်ပျက်ထားသူများတွင်-ကဖိန်းဓာတ်၏-နှိုးဆွနိုင်စွမ်းသည်

အိပ်ရေးအဆမတန်ပျက်ထားသူများတွင် ကဖိန်းဓာတ်၏ နှိုးဆွနိုင်စွမ်းသည် ပျက်ပြယ်သွားလေ့ရှိ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နေ့စဉ်ရက်ဆက်အိပ်ရေးပျက်ထားသူများအတွက် စိတ်ကြည်လင်လန်းဆန်းလာအောင် ကဖိန်းဓာတ်သည် မစွမ်းဆောင်နိုင်တော့ကြောင်း သိရပါတယ်။

          5 ရက်ဆက်တိုက် 5 နာရီမျှသာ အိပ်စက်ခဲ့သောသူ 48 ဦးကို နှစ်ဖွဲ့ခွဲ၍ တစ်ဖွဲ့ကို တစ်နေ့လျှင်နှစ်ကြိမ် ကဖိန်းဓာတ်ပါဝင်သော ကော်ဖီကိုသောက်စေပြီး ကျန်တစ်ဖွဲ့ကို တစ်နေ့လျှင်နှစ်ကြိမ် ကဖိန်းဓာတ်မပါဝင်သော ကော်ဖီကိုသောက်စေကာ စမ်းသပ်ခဲ့ပါတယ်။

          သုံးညလွန်မြောက်ပြီးနောက်တွင် ကဖိန်းသောက်ထားသူဖြစ်စေ၊ မသောက်ထားသူဖြစ်စေ ၎င်းတို့၏လုပ်ဆောင်မှုစွမ်းရည်မှာ ကျဆင်းလာပါတော့တယ်။ လေ့လာစမ်းသပ်မှု၏ ခေါင်းဆောင်ဖြစ်သူ Tacy Jill Doty က လူအများစုသည် အိပ်ရေးပျက်ပါက တက်ကြွလန်းဆန်းစေရန် ကဖိန်းကိုသောက်သုံးလေ့ရှိတာကြောင့် ဤတွေ့ရှိချက်မှာအလွန်ပင် အဖိုးတန်ကြောင်းပြောကြားခဲ့ပါတယ်။

          သုတေသနတွင် ပါဝင်သူများကို နေ့စဉ်နေ့တိုင်း မနက် 8 နာရီတွင် တစ်ကြိမ်၊ နေ့လည် 12 နာရီတွင် တစ်ကြိမ် ကဖိန်းပါဝင်သော (သို့) မပါဝင်သော အရည်များကိုတိုက်၍ စိတ်ခံစားမှု၊ အိပ်ချင်စိတ်ရှိ/မရှိ၊ တက်ကြွလန်းဆန်းမှုနှင့် တုံ့ပြန်မှုတို့ကိုစမ်းသပ်သော မေးခွန်းများကို အတွဲလိုက်ဖြေဆိုစေပါတယ်။ ထို့ပြင် နိုးနေသောအချိန်တိုင်း တစ်နာရီလျှင် တစ်ကြိမ် စိတ်ပိုင်းဆိုင်ရာအပြုအမူနှင့်ပတ်သက်သော စမ်းသပ်မှုများတွင် ပါဝင်စေပါတယ်။

          ပထမနှစ်ရက်တွင် ကဖိန်းဓာတ်သောက်သုံးထားသူများအဖွဲ့က ပိုမိုပျော်ရွှင်ကာ မြန်ဆန်သောတုံ့ပြန်မှုများကို လုပ်ဆောင်နိုင်သော်လည်း နောက်သုံးရက်တွင်မူ ထူးခြားမှုကို မတွေ့ရတော့ပေ။ ထူးခြားချက်မှာ နောက်ဆုံးနေ့များတွင် ကဖိန်းသောက်သုံးသောအဖွဲ့က မသောက်သုံးသူများထက် ပိုမိုစိတ်အနှောင့်အယှက်ဖြစ်နေသည်ကို တွေ့ရှိရကြောင်း သုတေသနပညာရှင်များကပြောကြားထားပါတယ်။

          ယခု သုတေသနပြုလုပ်ချက်တွင် နေ့စဉ်နေ့တိုင်း ကဖိန်းဓာတ်ပမာဏကို တူညီစွာသောက်သုံးစေခဲ့ကြောင်းနှင့် ပမာဏတိုးပေးပါက မည်ကဲ့သို့အဖြေထွက်နိုင်သည်ကို မသိကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

 

Dr. Thinzar Wynn

www.drmyanmar.com