/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိမ်တွင်းမှာ-အသက်ရှူပြဿနာတွေ-ကင်းဝေးစေဖို့

အိမ်တွင်းမှာ အသက်ရှူပြဿနာတွေ ကင်းဝေးစေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      အိမ်ထဲကို အပြင်က လေလေးတွေ ဝင်အောင်လုပ်ပါ။

          အိမ်တွေမှာ လေဝင်လေထွက်ကောင်းဖို့ အရေးကြီးပါတယ်။ ဒီတော့ ရာသီဥတုကောင်းပြီးတော့ အပြင်မှာ ပန်းဝတ်မှုန်တွေ ပျံ့နေတာလည်း နည်းလာပြီး အမှုန်တွေလည်း နည်းလာပြီဆိုရင်တော့ ပြတင်းပေါက်တွေနဲ့ တံခါးတွေကို ဖွင့်ထားပါ။ အထူးသဖြင့်တော့ ဆေးသုတ်ထားတဲ့၊ ချက်ပြုတ်တဲ့ အနံ့တွေရှိနေရင် တံခါးတွေဖွင့်ထားဖို့ လိုပါတယ်။

 

2.      ရိုးရှင်းတဲ့ အိမ်သန့်ရှင်းရေးပစ္စည်းတွေကိုပဲ သုံးပါ။

          တချို့အိမ်သန့်ရှင်းရေးပစ္စည်းတွေမှာ ဓာတုပစ္စည်းပြင်းပြင်းတွေပါလို့ အသက်ရှူပြဿနာတွေ (သို့) ဓာတ်မတည့်တာတွေနဲ့ ပန်းနာရင်ကြပ်ထတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီပစ္စည်းတွေဝယ်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပြီး အငွေ့ပြန်စေမယ့် ဓာတ်ပေါင်းတွေ၊ အမွှေးနံ့တွေနဲ့ မီးလောင်လွယ်တာတွေပါရင် မဝယ်ပါနဲ့။ ရိုးရိုးဆပ်ပြာတောင့်၊ ရေ၊ ရှာလကာရည် (သို့) မုန့်ဖုတ်ဆိုဒါတွေ သုံးပြီး ကိုယ့်ဟာကိုယ်လုပ်လို့လည်း ရပါတယ်။

 

3.      အိမ်ထဲမှာ စိုက်လို့ရတဲ့ အပင်လေးတွေ

          အထူးသဖြင့် ကိုယ့်ရဲ့အိမ်က လေဝင်လေထွက် မကောင်းဘူးဆိုရင် ဒီအပင်လေးတွေက အလှဆင်တယ်ဆိုတာထက် ပိုပြီးအကျိုးရှိပါတယ်။ ဒီအပင်လေးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ဖယ်ရှားပေးပြီးတော့ အောက်ဆီဂျင် ထုတ်ပေးရုံသာမကဘဲနဲ့ တချို့အပင်တွေဆိုရင် လေထဲက ဓာတုအငွေ့တွေကိုတောင်မှ ဖယ်ပေးနိုင်ပါတယ်။ ဒီထဲကမှ စိုက်ရလွယ်ပြီးတော့ ကျန်းမာရေးအတွက်ကောင်းတဲ့ အပင်တွေကတော့ English ivy, ficus trees, peace lilies နဲ့ အချို့သော ထန်းပင်အမျိုးအစားတွေ ဖြစ်ပါတယ်။

 

4.      အဲကွန်းတွေ၊ heater တွေက ဇကာလေးတွေ

          အဲကွန်းက ဇကာလေးက ညစ်ပတ်နေရင် လေဝင်လေထွက် ကောင်းသင့်သလောက် မကောင်းတော့ဘဲ မှိုတွေ တက်လာပြီးတော့ ညစ်ပတ်နေနိုင်ပါတယ်။ ဒီတော့ ဒါကို အနည်းဆုံး ၃ လတစ်ကြိမ် လဲပြီး သေချာဆေးပေးပါ။ မိသားစုထဲမှာ ပန်းနာရင်ကြပ်ရှိရင်၊ ဓာတ်မတည့်တတ်တဲ့သူတွေရှိရင် တစ်လတစ်ခါ စစ်ကြည့်သင့်ပါတယ်။ ကျွမ်းကျင်တဲ့သူကိုခေါ်ပြီးတော့ တစ်နှစ်တစ်ကြိမ် စစ်ဖို့လိုပါတယ်။

 

5.      ရေချိုးခန်းတွေ

          အိမ်ထဲမှာ မှိုတွေရှိနေပြီဆိုရင် ဒီက အမှုန်သေးသေးလေးတွေက လေထဲမှာ လွင့်နေပြီးတော့ နှာခေါင်းတွေ၊ လည်ချောင်းတွေထဲကို ဝင်နိုင်ပါတယ်။ ဒီအခါမှာ ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ နှာချေ၊ ချောင်းဆိုးခြင်းနဲ့ အခြားအသက်ရှူပြဿနာတွေကို ကြုံတွေ့စေနိုင်ပါတယ်။ မှိုတွေက စိုစွတ်တဲ့နေရာတွေမှာ ဖြစ်တတ်လို့ ရေချိုးခန်းကို တတ်နိုင်သမျှ ခြောက်သွေ့အောင််ထားပါ။ ရေချိုးပြီးရင် ပန်ကာဖွင့်တာဖြစ်ဖြစ်၊ ပြတင်းပေါက်ဖွင့်ထားတာဖြစ်ဖြစ် လုပ်ပါ။ ပြီးရင် စိုနေတဲ့တဘက်တွေနဲ့ လျှော်ပြီးသားအဝတ်တွေကို သေချာလှန်းပါ။ ရေပိုက်ခေါင်းတွေနဲ့ တခြားနေရာတွေမှာ မှိုစွဲနေတာတွေ့ရင် မကြာခဏ သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။

 

6.      ရှူးရှူးဖြန်းတဲ့ လေသန့်စင်စေတဲ့ဟာတွေကို တတ်နိုင်ရင် မသုံးပါနဲ့။

          ဒီကထွက်တဲ့ မွှေးတဲ့အနံ့တွေကတောင်မှ ဒုက္ခပေးနိုင်ပါတယ်။ တချို့တွေမှာဆိုရင် နှာခေါင်းနဲ့ လည်ချောင်းကို ထိခိုက်စေနိုင်တဲ့ပစ္စည်းတွေ ပါ,ပါတယ်။

 

7.      လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကိုပဲ ထားပါ။

          ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေကို အကြာကြီးထားထားရင် မှိုတက်လာနိုင်ပါတယ်။ ဒါကြောင့် သိမ်းထားတဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေကို မကြာခဏစစ်ကြည့်ပြီး မှိုတက်နေပြီဆိုရင် လွှင့်ပစ်လိုက်ပါ။ ဒါတွေကို ပိုပြီးကြာရှည်ခံဖို့အတွက်ဆိုရင် ရေမဆေးဘဲ သိမ်းပါ။ စားခါနီးမှပဲ ရေဆေးစားပါ။ လတ်ဆတ်လား၊ မလတ်ဆတ်လား မသေချာရင် လွှင့်ပစ်လိုက်ပါ။

 

8.      ပိုးဟပ်တွေ

          ဒီအကောင်တွေက သေသွားရင်တောင်မှ ဒုက္ခပေးနိုင်ပါတယ်။ သေသွားတဲ့အခါမှာ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေ အစစကွဲပြီးတော့ လေထဲပါနိုင်သလို သူတို့ရဲ့ချေးတွေလည်း လေထဲလွင့်နေပြီးတော့ အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေ၊ အခြားချည်ထည်တွေမှာ ကပ်နေပြီးတော့ ပန်းနာရင်ကြပ်ထတာနဲ့ ဓာတ်မတည့်တာတွေ ဖြစ်နို်င်ပါတယ်။

 

9.      ယိုစိမ့်မှုတွေ

          ဘေစင်တွေ၊ အိမ်သာတွေ၊ ရေချိုးခန်းတွေ၊ ပန်းကန်ဆေးစက်တွေနဲ့ ရေခဲသေတ္တာတွေမှာ ယိုစိမ့်မှုတွေဖြစ်ရင် ရေတွေထွက်လာပြီးတော့ အိုင်နေတဲ့အခါမှာ မှိုတွေ၊ ပိုးဟပ်တွေ စတဲ့ ပြဿနာတွေဖြစ်လာနိုင်လို့ ဒီလိုဖြစ်ရင် ချက်ချင်းပြင်ဖို့ လိုပါတယ်။

 

10.    အစားအစာ အကြွင်းအကျန်တွေ

          ပိုးဟပ်တွေက ရေထက် အစားအစာတွေကို ပိုကြိုက်ပါတယ်။ စားပြီးသား ပန်းကန်တွေကို မဆေးဘဲထားရင် သေချာလုံအောင် အုပ်ထားပါ။ အစားအစာတွေ လွှင့်ပစ်ရင်လည်း အဖုံးသေချာဖုံးထားတဲ့ အမှိုက်ပုံးထဲကို ပစ်ပါ။

 

11.    အိမ်မွေးတိရစၧာန်တွေ

          ခွေးလေး၊ ကြောင်လေးတွေရဲ့ အမွေးတွေနဲ့ သူတို့အပြင်ကနေ သယ်လာတဲ့ ဓာတ်မတည့်စေတဲ့အရာတွေကြောင့် အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ သူတို့ကို အိပ်ခန်းအပြင်ဘက်မှာ ထားပြီးတော့ အိပ်ခန်းထဲ မဝင်ခိုင်းတာ အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ရင်တော့ ရေမှန်မှန် ချိုးပေးပြီးတော့ သူတို့နေတတ်တဲ့နေရာတွေကို သေချာသန့်ရှင်းရေးလုပ်ပါ၊ ဖုန်စုပ်ပါ။

 

12.    သန့်ရှင်းရေးလုပ်ရင် ကျန်ခဲ့တတ်တဲ့နေရာတွေ

          ဗီရိုအပေါ်တွေနဲ့ တခြားနေရာတော်တော်များများကို သန့်ရှင်းရေးလုပ်ဖို့ မေ့တတ်ပါတယ်။ ဒီနေရာတွေကို ဆပ်ပြာရေနွေးနွေးနဲ့ မကြာခဏ ပွတ်ပေးပါ။ အိမ်မွေးတိရစၧာန်ကို အစာကျွေးတဲ့ခွက်ကိုလည်း နေ့တိုင်းဆေးကြောပြီးတော့ အဆီတွေ၊ အစာတွေ၊နဲ့ ရေတွေ တင်နေနိုင်တဲ့ အခြားနေရာတွေကိုလည်း သေချာကြည့်ပါ။

 

13.    အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေ

          အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေ၊ စောင်တွေကို တစ်ပတ်တစ်ခါ အပူချိန် 130°F ရှိတဲ့ ရေပူထဲမှာ လျှော်ပေးရင် ဖုန်တွေ၊ မှိုတွေ၊ သန်းတွေနဲ့ တခြားအရာတွေကို ဖယ်ရှားပေးရာ ရောက်ပါတယ်။

 

14.    ပရိဘောဂပစ္စည်းတွေ

          ချည်တွေမှာ အမှုန်တွေနဲ့ တခြားဓာတ်မတည့်စေတဲ့အရာတွေ ကပ်နေနိုင်တဲ့အတွက် အိမ်မှာ သုံးမယ်ဆိုရင် တတ်နို်င်သမျှ သားရည်တွေနဲ့ ဗီနိုင်းသားတွေ သုံးပါ။

 

15.    ကြမ်းပြင်တွေ

          သစ်သားလိုမျိုးမာတဲ့ ကြမ်းပြင်တွေမှာ ကော်ဇောတွေလိုမျိုး အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနို်င်တဲ့အရာတွေ စုပုံမနေနိုင်ပါဘူး။ ကော်ဇော ခင်းထားရင်တော့ တစ်ပတ်တစ်ခါ ဖုန်စုပ်ပေးဖို့ လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)