/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိမ်တွင်းလေထုညစ်ညမ်းမှုကို-ဖြစ်စေတဲ့-အဓိကနေရာတွေအကြောင်း

အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ အဓိကနေရာတွေအကြောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွန်မတို့အားလုံးဟာ အိမ်ပြင်ပက လေထုညစ်ညမ်းမှုတွေကို စိုးရိမ်တကြီး ကာကွယ်တတ်ကြပေမယ့် မိမိအိမ်တွင်းမှာလည်း လေထုညစ်ညမ်းမှုတွေ ရှိနေတတ်တာကို မေ့လျော့နေတတ်ကြပါတယ်။
အံ့သြစရာကတော့ အိမ်တွင်းလေထုညစ်ညမ်းမှုပမာဏဟာ ပြင်ပထက်စာရင် ၂ ဆမှ ၅ ဆတောင် ပိုမြင့်မားနေတာ ဖြစ်ပါတယ်။ အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့နေရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁)  မီးဖိုခန်း
ထမင်းဟင်းချက်စဉ် ထွက်ပေါ်လာသော ဂတ်စ်အငွေ့များနှင့် ဓာတုပစ္စည်းတွေကြောင့် မီးဖိုခန်းဟာ လေထုညစ်ညမ်းခြင်းကိုဖြစ်စေတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။
ဒီအငွေ့တွေဟာ ပမာဏများများ စုလာမယ်ဆိုရင်တော့ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် အသက်ရှူလမ်းကြောင်းပြဿနာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

(၂)  ဆေးလိပ်မှထွက်ပေါ်သော အဆိပ်များ
မိမိကိုယ်တိုင် ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်သောက်သူနှင့် နီးကပ်စွာနေခြင်းကြောင့် ဆိုးကျိုးတွေ ရနိုင်တယ်ဆိုတာ သိကြပါတယ်။
တတိယဆေးလိပ်သောက်သူလို့ ဆိုနိုင်မယ့် ဆေးလိပ်သောက်သူတစ်ဦးဦးကြောင့် အဝတ်အစား၊ နံရံ၊ ကော်ဇောနှင့် ဆိုဖာ စတဲ့ အိမ်တွင်းပစ္စည်းတွေမှာ ဆေးလိပ်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေ ကပ်ငြိနေခြင်းကြောင့်လည်း အိမ်တွင်းလေထုညစ်ညမ်းစေသလို ကိုယ်တိုင် ဆေးလိပ်သောက်သကဲ့သို့ ဆိုးကျိုးတွေ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

(၃)  သင်္ဘောဆေး
အိမ်သုတ်သင်္ဘောဆေးတွေမှာပါတဲ့ Volatile Organic Compounds လို့ခေါ်တဲ့ ဓာတုပစ္စည်းဟာ ဆေးမခြောက်သေးချိန်မှာ လေထုထဲသို့ ဝင်ရောက်နိုင်တဲ့အတွက် လေထုညစ်ညမ်းခြင်းကို ဖြစ်စေနိုင်ပြီး အဆုတ်လမ်းကြောင်းပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။

(၄)  ကော်ဇောများ
ကော်ဇောအသစ်တွေမှာ အသုံးပြုထားတဲ့ကော်တွေမှာ အန္တရာယ်ပေးနိုင်တဲ့ဓာတ်ငွေ့တွေ ပါနေသလို ကော်ဇောအဟောင်းတွေမှာဆိုရင်လည်း ဖုန်မှုန့်များ၊ တိရစ္ဆာန်အမွေးများ၊ မှိုများ စတာတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ကော်ဇောတွေကို တစ်ပတ်တစ်ခါလောက် သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။

(၅)  သန့်ရှင်းရေးပစ္စည်းများ
အိမ်တွင်းသန့်ရှင်းရေးသုံးဆေးရည်တွေမှာ အဆိပ်ငွေ့တွေ ပါဝင်နေတာမို့ အိမ်တွင်းလေထုကို ညစ်ညမ်းစေနိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် ပစ္စည်းတွေကို ဝယ်တဲ့နေရာမှာ Aerosol free ဆိုတဲ့ တံဆိပ်ပါတာကို ရွေးဝယ်သင့်ပြီး အမွေးနံ့မပါတဲ့ပစ္စည်းတွေကို ဝယ်ယူတာ ပိုစိတ်ချရပါတယ်။
ညစ်ညမ်းတဲ့လေထုကို ရှူမိမယ်ဆိုရင်တော့ အဆုတ်နှင့်ပတ်သက်သောရောဂါတွေအပြင် နှလုံးရောဂါနှင့် လေဖြတ်ခြင်းအထိပါ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် မိမိအိမ်မှာ လေထုညစ်ညမ်းမှုဖြစ်စေတဲ့နေရာတွေကို ရှာဖွေဖော်ထုတ်ပြီး လေထုသန့်စင်အောင် ပြုလုပ်ခြင်းဖြင့် ပိုမိုကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)