အိမ််မှာ ဆောင်ထားသင့်တဲ့ ဆေးဝါးများ
လူတိုင်းဟာ သူသူကိုယ်ကိုယ် သာမန်ဖျားနာ၊ ကိုက်ခဲမှုတွေ ဖြစ်တတ်ကြပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ အလွယ်တကူ ဆေးရှာမရရင် ဒုက္ခရောက်တတ်ကြပါတယ်။ ဒါကြောင့် အိမ်တိုင်းမှာ ဆေးဝါးတွေ အလွယ်တကူ ဆောင်ထားသင့်ပါတယ်။
အထူးသဖြင့် ကလေးသူငယ်တွေဟာ ဆေးဆိုင်တွေပိတ်တဲ့ ညဘက်ပိုင်းတွေမှာ ဖြစ်လေ့ရှိတာကြောင့် အိမ်မှာ ဆေးအရံသင့်ရှိနေမှသာ အဆင်ပြေမှာပါ။ ဆရာဝန်ဆေးစာ မလိုအပ်တဲ့ ဆေးဝါးတွေကို ဆေးဆိုင်က ဆေးဝါးကျွမ်းကျင်သူတွေထံမှာ မေးမြန်းပြီး အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ဆေးမှာပါဝင်တဲ့ ညွှန်ကြားချက်စာရွက်ကိုတော့ သေချာဂရုတစိုက် ဖတ်ရှုသောက်သုံးရပါမယ်။ ဆေးကို ကလေးတွေနဲ့ ဝေးဝေးမှာထားပါ။ ရောဂါလက္ခဏာတွေ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးမှာ လူတိုင်းအတွက် အိမ်မှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ ဆေးဝါးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
** မှတ်ချက် : ဆေးမသောက်ခင် ဆေးဘူးမှာပါတဲ့ ဆေးအညွှန်းကို သေချာဖတ်ရှုကြည့်ပါ။ ဆေးအညွှန်းစာရွက်တွေမှာ ဆေး ဘယ်လိုသောက်ရမယ်ဆိုတာတွေ၊ ဆေးမသောက်သင့်တဲ့ လူတွေနဲ့ ဆေးရဲ့ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ဖော်ပြထားပါတယ်။
ဒါ့အပြင် ကလေးတွေ သောက်ရမယ့် ဆေးပမာဏနဲ့ လူကြီးတွေရဲ့ ဆေးပမာဏ မတူဘူးဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ ဒါကြောင့် ကလေးတွေကို ဆေးတိုက်တော့မယ်ဆိုရင် ဆေးအညွှန်းကို သေချာဖတ်ပြီးမှ တိုက်ပါ။
ဆေးတွေကို ကလေးတွေနဲ့ ဝေးဝေးမှာထားဖို့ကိုလည်း မမေ့ပါနဲ့။
အောက်ဖော်ပြပါဆေးဝါးတွေကို ဆရာဝန်ရဲ့ဆေးစာမပါဘဲ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
၁။ ပါရာစီတမော
ပါရာစီတမောဟာ အဖျားကျ၊ အကိုက်အခဲသက်သာစေနိုင်တဲ့ ဆေးစွမ်းတစ်လက် ဖြစ်ပါတယ်။ ဆေးပြားပုံစံ၊ ဆေးရည်ပုံစံတွေအပြင် ဒုံးကျည်ပုံစံနဲ့လည်း လာနိုင်ပါသေးတယ်။့ ကလေးအငယ်လေးတွေရှိတဲ့ အိမ်တွေမှာ ပါရာစီတမောဟာ မရှိမဖြစ်လိုအပ်တဲ့ ဆေးတစ်မျိုးပါပဲ။ ဒါပေမဲ့ ပါရာစီတမောကို လိုအပ်တဲ့ပမာဏထက် ပိုသောက်ခဲ့မိရင်တော့ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ဆေးပမာဏ မကျော်လွန်အောင် သေချာစိစစ် သောက်သုံးသင့်ပါတယ်။
၂။ အကိုက်အခဲပျောက်ဆေးများ
အကိုက်အခဲပျောက်တဲ့အပြင် အရောင်လည်း ကျစေနိုင်တဲ့ ဆေးအမျိုးအစား ဖြစ်ပါတယ်။ Ibuprofen ဆိုတဲ့ ဆေးကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ဒီ ibuprofen ဆိုတဲ့ဆေးဟာ ကြွက်သားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲခြင်း၊ အဆစ်လွဲခြင်း၊ ဓမ္မတာကိုက်ခဲခြင်းကို ပျောက်ကင်းစေနိုင်တ့ဲအပြင် ပါရာစီတမောလိုပဲ အဖျားကျစေနိုင်တဲ့ အစွမ်းလည်း ရှိပါသေးတယ်။ Ibuprofenကိုလည်း ဆေးပြားပုံစံ၊ ဆေးရည် ပုံစံစတဲ့ ပုံစံအမျိုးမျိုးနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ သောက်ရမယ့် ဆေးပမာဏကတော့ အသက်နဲ့လိုက်ပြီး ကွဲပြားပါတယ်။
ဒီဆေးတွေဟာ အစာအိမ်ကို ထိခိုက်စေနိုင်တဲ့အတွက် ဖြစ်နိုင်ရင် အစာတစ်ခုခုနဲ့ တွဲသောက်သင့်ပြီး အစာအိမ် အနာရှိသူတွေမှာတော့ ရှောင်ကြဉ်ရပါမယ်။ ဆေးသောက်ပြီးနောက် ဗိုက်နာ၊ ရင်ပူတစ်ခုခုဖြစ်ခဲ့ရင် ဆေးကို ချက်ချင်းရပ်လိုက်သင့်ပါတယ်။ တချို့ဆေးဝါးတွေနဲ့လည်း ဓာတ်ပြုနိုင်တာကြောင့် ဆေးမသောက်မီ ဆေးဝါးကျွမ်းကျင်သူတွေကို မေးမြန်းပြီးမှ သောက်ရပါမယ်။
အကိုက်အခဲပျောက်ဆေးတွေကို လိမ်းဆေးပုံစံနဲ့ အဆစ်အမြစ်လေးဖက်နာ၊ ကျီးပေါင်း၊ အဆစ်လွဲ၊ ထိခိုက်ဒဏ်ရာတွေမှာ နာနေတဲ့နေရာတွေကို တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်။
၃။ Antihistamine ခေါ် ဓာတ်မတည့်ခြင်းအတွက် ဆေးဝါးများ
ဓာတ်မတည့်လက္ခဏာတွေဖြစ်တဲ့ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ နှာချေခြင်း၊ မျက်ရည်ပူကျခြင်း၊ နှာရည်ယိုခြင်းတို့ကို သက်သာစေနိုင်ပါတယ်။ ပျား စတဲ့ အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့အခါမှာလည်း အနာသက်သာအောင်၊ အရောင်သက်သာအောင် သုံးနိုင်ပါတယ်။
အိပ်ချင် ငိုက်မြည်းစေတတ်တဲ့ Chlorphenamine ဆိုတဲ့ အမျိုးအစားကို နှင်းခူ၊ ရေကျောက်စတဲ့ အရေပြားရောဂါတွေမှာ ညအိပ်ချိန် အယားသက်သာအောင် သောက်နိုင်ပါတယ်။ Loratadine၊ Cetirizine လို့ခေါ်တဲ့ အမျိုးအစားကတော့ သိပ်မအိပ်ငိုက်တတ်တဲ့အတွက် နေ့ခင်းဘက်တွေမှာလည်း သောက်သုံးဖို့ သင့်တော်ပါတယ်။
ဒါ့အပြင် အကောင်ကိုက်တဲ့နေရာကို တိုက်ရိုက်လိမ်းပေးနိုင်တဲ့ ခရင်မ်အမျိုးအစားလည်း တွေ့ရပါသေးတယ်။
၄။ အစာအိမ်ဆေး
အစာမကြေ၊ ရင်ပူတာတွေကို သက်သာစေနိုင်တဲ့ လေဆေးများ၊ အစာကြေဆေးနှင့် အစာအိမ်ဆေးတွေကို အမျိုးအစား စုံလင်စွာ တွေ့ရပြီး ဒီဆေးတွေဟာ အစာအိမ်အက်ဆစ်ဓာတ်ကို လျော့နည်းစေနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ဒီအစာအိမ်ဆေးတွေကို ပုံမှန်သောက်သုံးဖို့ လိုလာခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ သောက်ရပါမယ်။
၅။ စတီးရွိုက်လိမ်းဆေး (Hydrocortisone cream)
Hydrocortisoneဆိုတာဟာ စတီးရွိုက်အပျော့စားတစ်မျိုးဖြစ်ပြီး အရေပြားအနာတွေ၊ အကောင်ကိုက်တာတွေနဲ့ နှင်းခူရောဂါတွေမှာ အရောင်သက်သာအောင် လိမ်းပေးနိုင်ပါတယ်။ ဒါပေမဲ့ မျက်နှာမှာ လိမ်းမယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ အသုံးပြုသင့်ပါတယ်။
အကယ်၍ အသားယားတာ၊ အသားခြောက်တာတွေ ရှိရင်တော့ အစိုဓာတ်လိမ်းဆေးကို လိမ်းပေးနိုင်ပါတယ်။
၆။ ပိုးသတ်လိမ်းဆေး
အိမ်မှာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုကတော့ Savlon၊ Germolene စတဲ့ ပိုးသတ်လိမ်းဆေးတွေပဲ ဖြစ်ပါတယ်။ သာမန်ထိခိုက်ရှနာဖြစ်တဲ့အခါ ပိုးမဝင်ရလေအောင် လိမ်းပေးသင့်ပါတယ်။
၇။ အခြားအရေးပါတဲ့ဆေးဝါးများ
ပါးစပ်မှာ အပူနာတွေပေါက်တတ်ရင် Bonjela ဆိုတဲ့ လိမ်းဆေးတစ်မျိုး ဆောင်ထားသင့်ပါတယ်။
ထိမိခိုက်မိတာတွေအတွက်က ပလာစတာကပ်ခွာလေးတွေက မရှိမဖြစ်ပါပဲ။ ကပ်ခွာတွေနဲ့ ဓာတ်မတည့်တတ်တဲ့သူတွေမှာ ဓာတ်မတည့့်တာနည်းတဲ့ ကပ်ခွာမျိုးကို သုံးနိုင်ပါတယ်။
Steri-strips လို့ခေါ်တဲ့ ကပ်ခွာတွေဟာ အနာတွေကို စေ့စေနိုင်စွမ်းရှိတာကြောင့် ပိုကောင်းပါတယ်။ Steri-strips ကပ်ပြီး အနာကို ဖိထားတာတောင် သွေးမတိတ်ရင် အရေးပေါ်ကို သွားပြသင့်ပါတယ်။
အစူးစူးတာတွေအတွက် ဇာဂနာလေးတွေ ဆောင်ထားဖို့လည်း လိုပါလိမ့်မယ်။
ဆရာဝန်ဆေးစာ မလိုအပ်တဲ့ဆေးတွေကို ဆေးဆိုင်က ဆေးဝါးကျွမ်းကျင်သူထံ မေးမြန်းပြီး ဝယ်ယူနိုင်ပါတယ်။ ဒီဆေးဝါးတွေကို မကြာခဏ သောက်သုံးနေရပြီ ဆိုရင်တော့ ရောဂါတစ်ခုခု ရှိနေနိုင်တဲ့အတွက် ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























