အီးစပယ်ရှယ်လစ်
Dr.K ကို NGO life က သူငယ်ချင်းတွေက အီးစပယ်ရှယ်လစ် ဟု စနောက်လေ့ရှိသည်။
လှပစွာ ခေါ်ရင်တော့ ဝမ်းရောဂါ အထူးကုပေါ့။
ပထမဆုံး AZG ကို စဝင်ချိန်မှာ bond ၁ နှစ်ထိုးရမယ်တဲ့ ။ ကိုယ်တွေက ခပ်ချေချေ အစိုးရ အလုပ်က ခေါ်တာနဲ့ဝင်မှာမို့ မထိုးနိုင်ပါဆိုတော့ မောင်တောမှာ ဝမ်းရောဂါ တွေဖြစ်နေလို့ အရေးပေါ် အနေနဲ့ တစ်လလောက် သွားပေးပါတဲ့။ ဒါမျိုးဆို လာထားပေါ့လေ။
တကယ်သွားရတော့ မောင်တောကနေ သုံးနာရီလောက် သွားရသည့် ရွာလေးတစ်ရွာ ...
ပင်လယ်ကမ်းစပ်မှာ ရှိတဲ့ရွာလေးမို့ ညအိပ်ချိန်မှာ လှိုင်းပုတ်သံတွေ နားထောင်ရင်း အိပ်ရာဝင်ရတာက အရသာ . . . ရေတက်လာရင်လဲ ပြေးဖို့ အသင့်ပြင် ထားရတာပေါ့လေ။
ပင်လယ်ချစ်တဲ့ Dr.K ဆေးခန်းလေးကို တွေ့တော့ အရမ်းပျော်ခဲ့တာ ဖြစ်သည်။ လာထား တဝ ဆော့ပြစ်မယ်ပေါ့လေ ။ တကယ်တမ်းတော့ ကိုယ့်အဆောင်နောက်က ကမ်းခြေကိုတောင် မသွားနိုင်ခဲ့။ များလိုက်တဲ့ လူနာတွေ။ ကျေးလက်ကျန်းမာရေးဌာနဘေးမှာ ယာယီ အဖီလေး ဆွဲပြီး ဆေးရုံလုပ်ထားရသည် ။
ကိုယ့်ကိုကူမယ့်သူဆိုလို့ သားဖွားဆရာမ တစ်ယောက် နဲ့ volunteer တွေပဲ ရှိတဲ့ အချိန်မှာ တစ်နေ့ကို လူနာ နှစ်ဆယ်လောက် လာသည် ။ စုစုပေါင်း လူနာ သုံးလေးဆယ် လောက်ကို တစ်နေကုန် ပုလင်းချိတ် လှည့်ပတ်ကုပေါ့ ။နေ့လဲကိုယ် ညလဲကိုယ်။
ဖြစ်တာက ကာလဝမ်းရောဂါ အဲ့ကာလဝမ်းဆိုတာ အနံ့က သိပ်သိသာသည် ။ ငါးညှီနံ့လို့ ပြောရမယ့် အနံ့ လှိုင်လှိုင်ထ နေတဲ့ အခန်းထဲမှာ လူးလာခေါက်တုံ့ ပြေးလွှား။ ကာလဝမ်း ဟုတ်မဟုတ်ကို လဲ သူတို့ပါထားသော ဝမ်းကို တစိမ့်စိမ့်ကြည့်၍ စစ်ရသေးသည်။ ဝမ်းသွားချက်က ရေပိုက်ခေါင်းက ရေဆင်းသလိုပင် ။ ထပြီးကို မသွားနိုင်တော့လို့လူနာတွေကို ကုတင်အပေါက်တွေနဲ့ ထားရသည်။ အောက်မှာ အိုး ခံထားပြီး ပက်လက်က တဝေါဝေါ ။ အပေါ်ကသွင်း အောက်ကထွက် ။ ဆေးခန်းရောက်လာပြီဆို မျက်တွင်းက နောက်စေ့ရောက်နေပြီ။ သွင်းပေတော့ ဆလိုင်းပုလင်းတွေ။ ဓာတ်ဆားတိုက်ပေမယ့် အန်တာနှင့် မကာမိတော့ ဆက်တိုက်သွင်း ။
လူနာတွေနား နေရလွန်းတော့ ကိုယ့်ကိုယ်မှာပင် အညှီနံ့ စွဲနေသည်။ အဲ့တော့ ကိုယ်ပါ ထမင်းစား မဝင်တော့။
နောက်ပိုင်းDr.K တို့ ကျွမ်းကျင်သွားပုံ များ အပေါက်ဝက လူနာဝင်လာတာနဲ့ အနံ့ခံပြီး ကာလဝမ်း ဟုတ်မဟုတ် ခွဲခြားပြီးသား လူနာ ကုတင်ပေါ်ရောက်တာနှင့် ဆေးသွင်းဖို့ ready ပြင်ပြီး ဖြစ်သည်။
အဲ့လို မလုပ်လည်း မရဘူးလေ . . .
နည်းနည်းနောက်ကျတာနဲ့ သွေးကြော ရှာမရတော့ ။
အဲ့ဒီ အချိန်ကတည်းက ဆေးထိုး ကျွမ်းသွားတာ အမှန်ပင် ။ သွင်းလိုက်ရသည့် ဆေးပုလင်း တစ်ချို့လူနာဆို တစ်နေ့တည်း ပုလင်း ၂၀ နီးပါး ကိုယ်တောင် မျက်လုံး ပြူးရသည်။
ဂုဏ်ယူ စရာက ကိုယ်ရောက်ပြီးချိန်မှစ အသေအပျောက် မရှိတော့ ။ ဆရာမကြီးပါဆို ...
ကိုယ့်ကိုယ်ကိုလဲ ဂရုစိုက်ရသည်
လူနာမကြည့်ခင် လက်ဆေး
လူနာကြည့်ပြီးလက်ဆေး
ရေတွေ အကုန် ကလိုရင်းခတ်
အစားအသောက်ကို သေချာ ချက်ပြုတ် ပူပူနွေးနွေးစား
သန့်ရှင်းရေးပါ ဂရုစိုက်
ကိုယ်လဲ ကြိုတင်ဆေးသောက်
အို အေးဆေး ...
သုံးပတ်ကျော်လာတော့ လူနာလဲ တဖြည်းဖြည်း နည်းလာပြီ
ရောဂါကို ထိန်းချုပ်နိုင်ပြီ ...
အားလုံးပျော်နေကြပြီ
ပို ပျော်အောင် ထမင်းချက် အစ်မက ဂုံးသုတ်ကျေွးသေးသည် အဲ့ဂုံးက ဂုံးစောက်ခေါ်သည်။ ရန်ကုန်မှာမရ ။
ဂုံးက လတ်လတ်ဆတ်ဆတ် လက်ရာကကောင်း အို စားလို့ကောင်းချက် ...
မကောင်းတာက ဗိုက်
ရစ် ရစ် နာရာကနေ လျောလေပြီ
ဒါ ဂုံးနဲ့မတည့်တာ
ကာလဝမ်း မဟုတ်မှန်းသိတော့ သိပ်စိတ်မပူ ဆေးအမြန်သောက်ပြီး နားလိုက်တော့ သိပ်မခံလိုက်ရပေ ...
ဒီလိုနဲ့ လူနာ နည်းသွားပြီ
ကိုယ်လည်း ရန်ကုန်ပြန်ဖို့နီးပြီ ဆိုတော့ နှုတ်ဆက်ကြလေပြီ
အားလုံး ကြိုက်ကြတော့ ဂုံးကို ထပ်သုပ်ပြန်သည်
ဒုက္ခရောက်တာက Dr.K
မတည့်မှန်းလည်း သိ...မြင်နေတော့လည်း စားချင်မိနဲ့...
နောက်ဆုံး ကိုယ့်ကိုယ်ကို နားချရသည်
ပထမ တခါက မစားဖူးသေးလို့ဖြစ်တာ
ဒီတခါဆို ယဉ်သွားပြီ လို့ စိတ်ဆုံးဖြတ်ပြီး အဝ ထပ်စားသည် ။
ထိုည မှာတော့ လူနာ မရှိတော့သည့် ဆေးခန်းထဲမှာ ပုလင်းလေး တန်းလန်းနှင့် ပျော့ခွေနေသည့် Dr.K ကို တွေ့ကြရတော့သည်။
ဝမ်းရောဂါဌာန ရဲ့ ပိတ်ပွဲပေါ့။
( Inn Din Diarrhoea center in 2008 အမှတ်တရ ... )
Edited : Shellfish ကြောင့်ဝမ်းသွားခြင်းမှာ အကြောင်း ၃ မျိုးကြောင့် အဖြစ်များပါသည်။
၁။ ဓာတ်မတည့်ခြင်း ။ ပင်လယ်စာတွင်ပါသည့် ဓာတ်တစ်မျိုးနှင့်် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်ပြီး စားပြီး မိနစ်ပိုင်းအတွင်း ဖြစ်ပွားတတ်ပါသည် ။အန်ခြင်း ဝမ်းလျောခြင်းအပြင် အခြား ဓာတ်မတည့်သည့် လက္ခဏာများဖြစ်သော ယားခြင်း အသက်ရှူကျပ်ခြင်း သွေးပေါင်ကျခြင်းများလည်း ဖြစ်ပေါ်တတ်ပါသည်။
၂ ။ ပင်လယ်စာတွင် ပါဝင်သော toxin ကြောင့် ဝမ်းလျောခြင်း ။ စားပြီး ၂ -၆ နာရီ အတွင်း အန်ခြင်း ဝမ်းလျောခြင်းများ ဖြစ်ပွားတတ်သည်။
၃ ။ ပင်လယ်စာတွင် ပါသည့် ဝမ်းရောဂါပိုးကြောင့် ဝမ်းလျောခြင်း။ မကျက်တကျက် ချက်ထားသော ပင်လယ်စာတွင် ကာလဝမ်း နှင့် အခြားဝမ်းရောဂါပိုး များပါဝင်နိုင်ပြီး ၄င်းတို့ကြောင့်လည်း ဝမ်းလျောနိုင်ပါသည်။
Khin Cho






























