အုန်းနို့ရဲ့ဆိုးကျိုးတွေ
အုန်းနို့ဆိုတာကတော့ အုန်းသီးရင့်ရင့်ကို ခွဲ၊ အသားကိုခြစ်ပြီး ညှစ်ရာကနေ ရလာတာကို အုန်းနို့လို့ ခေါ်ပါတယ်။ အခုခေတ်မှာ အသင့်ထည့်ထားတဲ့ အုန်းနို့ဘူးတွေကိုလည်း အလွယ်တကူ ဝယ်လို့ရနေပါတယ်။ အုန်းပင်တွေက အများအားဖြင့် မြေသြဇာမထည့်ရဘဲ ရှင်သန်ကြတဲ့အတွက် အော်ဂဲနစ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဒီအုန်းနို့ထဲမှာဆိုရင်လည်း အာဟာရဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ အုနး်နို့မှာ ကောင်းကျိုးတွေရှိသလိုပဲ ဆိုးကျိုးတွေလည်း ရှိနေပါတယ်။
အုန်းနို့ရဲ့ ဆိုးကျိုးအချို့ကို လေ့လာကြည့်ကြပါစို့။
1. အုနး်နို့ထဲမှာ ပြည့်ဝဆီတွေ အများကြီး ပါဝင်ပါတယ်။
ဒါကတော့ စိုးရိမ်ရဆုံး ဆိုးကျိုးတစ်ခုပါ။ ဒီပြည့်ဝဆီတွေကြောင့် ခန္ဓာကိုယ်ထဲမှာ ကိုလက်စရောတွေ မြင့်တက်လာစေနိုင်ပါတယ်။ အုန်းနို့တစ်ခွက်စားရင် အဆီ 40 g ဖြစ်စေပါတယ်။ ပြီးတော့ ဒီအဆီတွေကနေ ပြီးတော့မှ အချိန်ကြာလာတဲ့အခါမှာ ကျန်းမာရေးအတွက် မကောင်းတဲ့ lipoprotein တွေ ထွက်လာစေပါတယ်။
2. ဓာတ်မတည့်မှုတွေကို ဖြစ်စေနိုင်ပါတယ်။
သစ်ပင်ကရတဲ့ အခွံမာသီးတွေနဲ့ မတည့်တဲ့သူတွေဆိုရင် အုန်းနို့နဲ့လည်းမတည့်ဖို့ သေချာပါတယ်။ သစ်ပင်ကရတဲ့ အခွံမာသီးတွေနဲ့ မတည့်တဲ့သူတွေက အုန်းနို့ကို ဆိုးဆိုးရွားရွား ဓာတ်မတည့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက ပြင်းထန်ရင် အသက်အန္တရာယ်ကိုတောင်မှ ထိခိုက်စေနို်င်တဲ့အတွက် အန္တရာယ်အများဆုံး ဆိုးကျိုးတစ်ခုပါ။
3. ကိုယ်အလေးချိန် တက်စေတယ်။
အုန်းနို့ထဲမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီတွေ မြင့်မားစွာပါလို့ အစားများရင် ကိုယ်အလေးချိန် တက်လာစေမှာ အမှန်ပါပဲ။
4. သွေးတွငး်ကိုလက်စရောဓာတ် မြင့်မားစေတယ်။
ကိုလက်စရောဓာတ် မြင့်မားနိုင်ခြေရှိတဲ့သူတွေနဲ့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ များတဲ့သူတွေမှာဆိုရင် အုန်းနို့ အများကြီး မစားရပါဘူး။ မချိုပေမယ့် အုန်းနို့က လေဖြတ်ခြင်း အပါအဝင် နှလုံးနဲ့ဆိုင်တဲ့ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ လုံးဝရှောင်ရမယ်လို့ ပြောတာတော့ မဟုတ်ပါဘူး။ အကန့်အသတ်နဲ့ပဲ စားပါ။
5. ဝမ်းလျှောစေနိုင်တယ်။
အုန်းနို့ထဲမှာ အမျှင်ဓာတ်တွေ အများကြီးပါလို့ တချို့လူတွေမှာဆိုရင် အစာခြေပြဿနာတွေ ကြုံရစေတတ်ပါတယ်။ ပုံမှန်အားဖြင့် အချိုမပါတဲ့အုန်းနို့မှာ နေ့စဉ်စားတဲ့ အမျှင်ဓာတ်ပမာဏရဲ့ 14-18% လောက် ပါတဲ့အတွက် ဒီလိုမျိုး အမျှင်ဓာတ်တွေ ရုတ်တရက်ကြီး များလာတာက မခံနိုင်တဲ့သူတွေမှာဆိုရင် ဝမး်ပျက်ဝမ်းလျှောတာ၊ လေထလေပွတာတွေ ဖြစ်စေပါတယ်။ ဒီတော့ အုန်းနို့ကို ရုတ်တရက်ကြီး ပမာဏအများကြီး စားတာမျိုး မလုပ်ပါနဲ့။
6. သကြားဓာတ်တွေလည်း အများကြီးပါ,ပါတယ်။
အုန်းနို့က အချိုမပါတာတောင်မှ သကြားဓာတ်တွေ အများကြီး ပါ,ပါသေးတယ်။ အချိုမပါတဲ့ အုန်းနို့ တစ်အောင်စမှာ သကြား 2.1 g ပါပြီးတော့ အချိုပါတဲ့ အုန်းနို့မှာတော့ 10.4 g တောင် ပါ,ပါတယ်။ ဒါကြောင့် များများစားရင် အဝလွန်စေမှာပါ။
7. ကယ်လိုရီ မြင့်မားတယ်။
ရေမရောထားတဲ့အုန်းနို့ တစ်ခွက်မှာ 550 ကယ်လိုရီ ပါ,ပါတယ်။ ဒါက ကျွန်မတို့ တစ်နေ့လိုအပ်တဲ့ ကယ်လိုရီရဲ့ သုံးပုံတစ်ပုံနီးပါးလောက် ရှိပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အထဲမှာ အုန်းနို့ပါရင် ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။
8. Bisphenol ဆိုတဲ့ အန္တရာယ်ရှိတဲ့ ဓာတုဓာတ် ပါဝင်ပါတယ်။
အုန်းနို့မှာတော့ ဒီဓာတုပစ္စည်း မပါပေမယ့်လည်း အသင့်ရောင်းတဲ့သံဘူးတွေမှာ ပါ,ပါတယ်။ အုန်းနို့တွေထည့်တဲ့ သံဘူးတွေကို ထုတ်တဲ့နေရာမှာ ဒီဓာတ်ပေါင်းကို အသုံးပြုထားတဲ့အတွက် သံဘူးနဲ့လာတဲ့ အုန်းနို့တွေကို မသုံးပါနဲ့။ သုံးမယ်ဆိုရင်လည်း BPA free container လို့ ရေးထားတဲ့ အမျိုးအစားတွေကိုပဲ ဝယ်သုံးပါ။
9. Guar gum ပါဝင်ပါတယ်။
ဒါကလည်း စည်သွပ်ထားတဲ့ အုန်းနို့ဘူးတွေမှာ တွေ့ရတဲ့ နောက်ထပ်ပြသနာတစ်ခုပါ။ ဒီ Guar gum ဆိုတဲ့အရာကတော့ လူအတော်များများမှာ အစာခြေပြသနာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အူလမ်းကြောင်းပြဿနာတွေ ကြုံလာရပြီဆိုရင် အိမ်မှာရှိတဲ့ အုန်းနို့စည်သွပ်ဘူးတွေကို လွှင့်ပစ်လိုက်ပါ။ ဒီအစား အိမ်မှာပဲ ညှစ်တဲ့အုန်းနို့ (သို့) guar gum မပါတဲ့ အုန်းနို့တွေကို သုံးပါ။
10. Fructose စုပ်ယူမှု ပြဿနာ ဖြစ်စေနိုင်ပါတယ်။
အုန်းနို့မှာ mono-saccharides, polyols တွေပါလို့ အူလမ်းကြောင်းပြဿနာတွေကို ပိုဆိုးစေပါတယ်။ fructose လို့ခေါ်တဲ့ သကြား သယ်ပို့မှု မညီိမျှတဲ့အတွက် အူသိမ်ထဲမှာလည်း ဘက်တီးရီးယားပိုးတွေ ကြီးထွားမှုကို အားပေးပါတယ်။
ဒါတွေကတော့ အုန်းနို့ရဲ့ဆိုးကျိုးတွေပါ။ တန်ဆေး လွန်ဘေးဆိုသလိုပဲ အများကြိီး စားမှသာ ဒါတွေ ဖြစ်တာများလို့ သတိနဲ့ယှဉ်ပြီး စားကြပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























