/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အူကျွံခြင်းရဲ့လက္ခဏာများ

အူကျွံခြင်းရဲ့လက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဗိုက်ထဲမှာရှိတဲ့ အူလိုမျိုး အင်္ဂါအစိတ်အပိုင်းတွေ၊ အမြှေးပါးတွေ ဝမ်းဗိုက်ခေါင်းနံရံရဲ့ အားပျော့နေတဲ့နေရာကနေ ကျွံထွက်လာတာကို အူကျွံတယ်လု့ိခေါ်တယ်။ ဒီကျွံထွက်နေတဲ့အဖုကြီးဟာ အန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့် ချောင်းဆိုးတဲ့အခါ၊ ကုန်းလိုက်တဲ့အခါ နာတတ်ကျင်တတ်တယ်။ အူကျွံတာဟာ သူ့အလိုလို မပျောက်တတ်ပါဘူးနော်။ မကုဘဲထားရင် နောက်ပိုင်းမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်နိုင်ပြီး တစ်ခါတလေ ဆိုးဆိုးရွားရွားဖြစ်တတ်ပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်တယ်။ အူကျွံတာကို သက်သာစေဖို့ ခွဲစိတ်ပြုပြင်ဖို့လိုတယ်။

 

>>    သူ့ရဲ့လက္ခဏာတွေကတော့ -

          တစ်ခါတလေ ဘာလက္ခဏာမှ မရှိတတ်လို့ ဆရာဝန်နဲ့သွားပြပြီး စမ်းသပ်ကြည့်မှာသာ အူကျွံနေတယ်ဆိုတာကို သိရတတ်တယ်။ ဒါပေမဲ့ ချောင်းဆိုးလိုက်တိုင်း၊ ညှစ်လိုက်တိုင်း ကြီးကြီးပြီး ထွက်လာတာကိုတော့ သတိထားမိတတ်ကြတယ်။

●        တင်ပါးဆုံရိုးအတွင်းပိုင်း ပေါင်ခြံမှာ အစုလိုက် ဖုထွက်လာတာ

●        ဒီလိုထွက်လာတာအပြင် ပူစပ်ပူလောင် ဖြစ်နေတာ၊ ကိုက်လာတာ၊ တဂွီဂွီမြည်နေတာ

●        ချောင်းဆိုးလိုက်ချိန်၊ အလေးအပင် မလိုက်ချိန်၊ ကုန်းလိုက်ချိန် ပေါင်ခြံမှာ နာတာ ကျင်တာ

●        ပေါင်ခြံထဲ လေးလေးကြီးဖြစ်နေတာ

●        ကပ္ပာယ်အိတ်ထဲ ဖောင်းပြီး နာလာတာ

          ဒီလိုလက္ခဏာတွေ ဖြစ်တတ်ကြတယ်။

 

>>    ကလေးတွေမှာဆိုရင် -

          မွေးကင်းစကလေးတွေနဲ့ ကလေးသေးသေးလေးတွေမှာ ဝမ်းဗိုက်နံရံ မွေးရာပါ ချို့ယွင်းချက်ပါလာလို့ အူကျွံတတ်ပါတယ်။ ကလေးငိုချိန်၊ ညှစ်ချိန်၊ ချောင်းဆိုးချိန်တွေမှာ သိသာလာတတ်တယ်။ နည်းနည်းကြီးတဲ့ ကလေးလေးတွေမှာတော့ ချောင်းဆိုးချိန်၊ အိမ်သာသွားရင်း ညှစ်လိုက်ချိန်၊ အကြာကြီး မတ်တပ်ရပ်ချိန်တွေမှာ သိသာတတ်တယ်။

 

>>    အူကျွံရာကနေ သွေးပြတ်တောက်သွားတဲ့အခါ -

          တစ်ခါတလေ အူတစ်ပိုင်းတစ်စ ဒါမှမဟုတ် အမြှေးပါးဟာ ဝမ်းဗိုက်ခေါင်းကနေ ကျွံထွက်လာပြီး ညပ်မိသွားတတ်တယ်။ နောက်ပိုင်းမှာ သွေးလာတာပါ ပြတ်တောက်သွားတတ်တယ်။ ဒီအခြေအနေမျိုးဟာ ချက်ချင်း မကုသမိရင် အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်နော်။

●        ပျို့ချင်၊ အန်ချင်လာတာ

●        ဖျားလာတာ

●        ရုတ်တရက် နာလာပြီး ပိုပိုဆိုးလာတာ

●        ရင်တုန်လာတာ

●        ကျွံနေတဲ့အူဟာ မည်းနက်၊ ခရမ်းရောင် သမ်းလာတာ

          ဒီလိုလက္ခဏာတွေကို စောင့်ကြည့်ဖို့ လိုတယ်။ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုတယ်။

 

>>    အူကျွံတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -

          ဘေးပတ်ဝန်းကျင် တစ်သျှူးတွေကို ဖိမိခြင်း : တကယ်လို့ ခွဲစိတ်မကုသမိရင် တဖြည်းဖြည်းနဲ့ ကျွံတာ ကြီးလာပြီး ဘေးကတစ်သျှူးတွေအပေါ် ဖိမိလာတတ်တယ်။ အမျိုးသားတွေမှာဆိုရင် ကပ္ပာယ်အိတ်ထဲထိ ကြီးလာတတ်ပြီး ရောင်ရမ်းနာကျင်တာတွေ ဖြစ်တတ်တယ်။

          အူပိတ်ခြင်း : တကယ်လို့ ထွက်လာတာတဲ့အပေါက်မှာ ပိတ်မိသွားတယ်ဆိုရင် ပျို့ချင် အန်ချင်တာ၊ ပြင်းပြင်းထန်ထန် နာတာ ကျင်တာ၊ ဝမ်းချုပ်လေချုပ်ဖြစ်တာတွေ ဖြစ်လာတတ်တယ်။

          သွေးပိတ်ခြင်း : အူပိတ်မိတဲ့အခါ အူကိုလာနေတဲ့ သွေးလမ်းကြောင်း ပိတ်သွားပြီးတော့ အူ ပုပ်သွားတတ်တယ်။ အသက်အန္တရာယ် ထိခိုက်နိုင်လို့ အရေးပေါ်ခွဲစိတ်ဖို့ လိုတယ်။

 

>>    ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြဖို့လိုမလဲဆိုတာလည်း သိဖို့လိုတယ်နော်။

          အူကျွံတဲ့အခါ လှဲအိပ်နေရင်းနဲ့ ဖြည်းဖြည်းချင်း တိုးထည့်လိုက်ရင် ပြန်ဝင်သွားလိမ့်မယ်။ ရေခဲအုပ်ပေးလိုက်ရင်လည်း ရောင်တာ၊ နာတာတွေ သက်သာသွားပြီး အထဲကို အလွယ်တကူ ပြန်ဝင်သွားတတ်တယ်။ တင်ပါးကို နည်းနည်းမြှင့်ပြီး လှဲအိပ်လိုက်ရုံနဲ့တောင် အူကျွံတာ ပြန်ဝင်နို်င်တယ်။

          ဒါကြောင့် ပေါင်ခြံနားမှာ ကျွံထွက်လာတာ၊ နာတာ ကျင်တာ ရှိလာခဲ့ရင် ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ မတ်တပ်ရပ်နေတဲ့အခါ ပိုသိသာတတ်ပါတယ်။ ကျွံထွက်နေတဲ့နေရာကို ကိုင်ကြည့်လိုက်ရင် သိသာတယ်။ တကယ်လို့ မည်းလာ၊ နီလာ၊ ခရမ်းရောင် သမ်းလာရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

Dr. Emerald (www.drmyanmar.com)