/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အူထဲက-အရှုပ်ထုတ်

အူထဲက အရှုပ်ထုတ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    အူထဲမှာ ကောင်းကောင်းမကြေညက်တဲ့ သို့မဟုတ် တစ်ဝက်တစ်ပျက်သာကြေတဲ့ အစားလုံးတွေဟာ အူပိတ်စေတတ်ပါတယ်။

>>    အမျိုးအစားများ
    ပါဝင်တဲ့ပစ္စည်းတွေပေါ် မူတည်ပြီး အမျိုးအစား အများကြီး ရှိပါတယ်။ မကြေညက်တဲ့ အရွက်အမျှင်တွေ ပါဝင်တဲ့အမျိုးအစားဟာ့ အဖြစ်အများဆုံးဖြစ်ပြီး အခြား ကောင်းကောင်းမကြေညက်တဲ့ အသီး၊ ဆံပင်နဲ့ အစာအပိုင်းအစတွေ၊ ဆေးတွေ၊ နို့ပရိုတင်းနဲ့ချွဲတွေ၊ အရာဝတ္ထုတွေ ပါဝင်တဲ့ အမျိုးအစားအများကြီး ရှိနိုင်ပါတယ်။

>>    ဖြစ်စေတတ်တဲ့အကြောင်းရင်းများ
    လူတိုင်းမှာဖြစ်နိုင်ပေမယ့် -
●    အစာအိမ် ဖြတ်တောက်ခွဲစိတ်ထားသူတွေ
●    အစာအိမ်အက်ဆစ်ဓာတ် နည်းခြင်း၊ အစာအိမ်ကျဉ်းခြင်း
●    ဆီးချိုနဲ့ ခုခံအား ကမောက်ကမရောဂါတွေကြောင့် အစာအိမ် အလှုပ်နည်းခြင်း
●    အစာကောင်းကောင်း မဝါးနိုင်ခြင်း
●    အသီးအရွက် အစားများခြင်း စတဲ့အချက်တွေ ရှိသူတွေမှာ ပိုတွေ့ရနိုင်ပါတယ်။

>>    ရောဂါလက္ခဏာများ
    အူလမ်းကြောင်းကို လုံးဝကြီးမပိတ်သေးတဲ့အချိန်မှာ ဘာလက္ခဏာမှ မပြတတ်ပေမယ့် -
●    နည်းနည်းစားပြီး ဗိုက်ပြည့်ခြင်း
●    အစားအသောက်ပျက်ခြင်း
●    ပျို့ခြင်း
●    အန်ခြင်း
●    ဗိုက်အောင့်ခြင်း
●    ကိုယ်အလေးချိန်ကျခြင်း
●    သွေးအားနည်းခြင်း စတဲ့ လက္ခဏာရပ်တွေနဲ့ လာနိုင်ပါတယ်။

    လူကြီးတွေမှာ ပိုအဖြစ်များပေမယ့် နို့ပရိုတင်းကြောင့်ဖြစ်တဲ့ အစားလုံးကတော့ ကလေးတွေမှာ အဖြစ်များတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်သူတွေ၊ ပေါင်မပြည့်လမစေ့သူတွေ၊ ကယ်လိုရီများတဲ့ နို့သောက်သူတွေမှာ ဖြစ်တတ်ပါတယ်။
    ဒါ့အပြင် ကိုယ့်ဆံပင် ကိုယ်ပြန်ကိုက်နေတတ်တဲ့ မိန်းကလေးတွေမှာလည်း ဆံခြည်မျှင်လုံးဖြစ်တတ်ပြီး စိတ်ကျန်းမာရေး စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။

>>    ရောဂါရှာဖွေဖို့
●    ဓာတ်မှန်
●    CT ကွန်ပျူတာဓာတ်မှန်
●    ဗိုက်အာထရာစောင်း
●    မှန်ပြောင်း စတာတွေနဲ့ ရှာဖွေနိုင်ပြီး မှန်ပြောင်းကြည့်ရင်းနဲ့ တစ်ပိုင်းတစ်စကို ဖဲ့ယူကာ အဏုမြူမှန်ပြောင်းနဲ့ ပါဝင်ပစ္စည်းတွေကို ကြည့်နိုင်ပါတယ်။

>>    ကုသမှု
    ရောဂါအပျော့စားမှာ အဓိကက အစာလုံး ပျော်ထွက်သွားပြီး သူ့အလိုလို ထွက်သွားဖို့နဲ့ အနည်းဆုံး ပျော့သွားကာ အလွယ်တကူ ဖယ်ရှားနိုင်ဖို့ ရည်ရွယ်ပါတယ်။
    မှန်ပြောင်းနဲ့ ဆွဲထုတ်နိုင်သလို စပရေးတွေ၊ လေဆာတွေနဲ့လည်း ဖယ်ရှားနိုင်ပါတယ်။

>>    ဘေးထွက်ဆိုးကျိုးများ
    မကုသဘဲထားပါက အစာအိမ်ဘေးနံရံတွေ စားသွားပြီး အစာအိမ်အနာ၊ သွေးထွက်ခြင်း၊ အူပျက်စီးခြင်း၊ အူပေါက်ခြင်းနဲ့ အူပိတ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

>>    ကာကွယ်ရန်
    ဖြစ်စေနိုင်တဲ့ အစားအစာတွေကို လျှော့စားခြင်း၊ အစာကို သေချာကြေညက်အောင် ဝါးစားခြင်း စသည်ဖြင့် ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို ဖယ်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)