အူမကြီးကင်ဆာ ကာကွယ်ဖို့ ဘယ်လိုအစားအစာတွေကို နေ့စဉ်စားပေးသင့်လဲ
ကျွန်မတို့ နေ့စဉ်ဘ၀ နေထိုင်စားသောက်မှုပေါ် မူတည်ပြီး ရောဂါဆိုးတွေကို လက်ယပ်ခေါ်သလို ဖြစ်နိုင်သကဲ့သို့ အချို့သောရောဂါတွေကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။
ဒီလိုစားသောက်နေထိုင်မှုဖြင့် ကာကွယ်နိုင်သော ကင်ဆာများထဲမှာ အူမကြီးကင်ဆာလည်း အပါအဝင်ဖြစ်တယ်လို့ မကြာသေးခင်က လေ့လာချက်တစ်ခုက သက်သေပြနိုင်ခဲ့ပါတယ်။
ထိုလေ့လာချက်ကို National Journal of Biochemistry တွင် ဖော်ပြခဲ့တာဖြစ်ပြီး အရောင်တောက်ပသော အပင်ထွက်အစာတွေကို နေ့စဉ် ပမာဏများများစားပေးခြင်းဖြင့် အူမကြီးကင်ဆာနဲ့ အခြားရောင်ရမ်းနာကျင်ခြင်းတွေကို ဖြစ်စေတဲ့ interleukin-6 ဆိုတဲ့ဓာတ်ကို လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။
ထိုလေ့လာချက်ကို ပြုလုပ်စဉ်တုန်းက အရောင်ရင့်သော အသီးအရွက်နဲ့ သစ်သီးများကို နေ့စဉ်စားသောအုပ်စုဟာ မစားသူများထက်စာရင် Interleukin-6 level ၆ ဆ နည်းပါးနေတာ တွေ့ရှိခဲ့ပါတယ်။ ဟုတ်ပါတယ်။ Interleukin-6 ကို ဆေးဝါးများဖြင့်လည်း လျှော့ချနိုင်တာမှန်ပေမယ့် ထိုဆေးတွေဟာ အလွန်ဈေးကြီးတာမို့ အစားအစာဖြင့် လျှော့ချခြင်းဟာ ပိုမိုကောင်းမွန်တယ် မဟုတ်လား။
ဒါကြောင့် အူမကြီးကင်ဆာ ကာကွယ်လိုသူတွေဟာ နေ့စဉ်အသီးအရွက်နဲ့ သစ်သီး များများစားပေးသင့်ပါတယ်။ သစ်သီးနဲ့ဟင်းရွက်များကိုရောပြီး ဖျော်ရည်ဖျော်သောက်ခြင်းဖြင့်လည်း အာဟာရတွေကို ပိုမိုစုပ်ယူမှုကောင်းမွန်စေပါတယ်။
နောက်ထပ် အူမကြီးကင်ဆာ ကာကွယ်ဖို့ နည်းလမ်းကောင်းတစ်ခုကတော့ နေ့စဉ် အမျှင်ဓာတ်များများ ပါဝင်အောင်စားပါ။ ဟင်းသီးဟင်းရွက်ကရသော အမျှင်ဓာတ်အပြင် အမျှင်ဓာတ် အားဆေးမှုန့်များကိုလည်း သောက်သုံးနိုင်ပါတယ်။
အစာလည်းဆေး ဆေးလည်းအစားဆိုသလို နေ့စဉ်စားသောအစားအစာများမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို များများစားပြီး အသား၊ အသင့်စားအစာများ၊ ကြာရှည်ခံအောင် ပြုလုပ်ထားသောအစာများ၊ ဆိုးဆေးပါတဲ့ အစားအစာတွေကို လျှော့ပေါ့စားခြင်းဖြင့် အူမကြီးကင်ဆာကို ကြိုတင်ကာကွယ်ကြပါစို့။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























