/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အူမကြီးကင်ဆာ-ဘာကြောင့်ဖြစ်ရသလဲ

အူမကြီးကင်ဆာ ဘာကြောင့်ဖြစ်ရသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွနု်ပ်တို့ ကိုယ်ခန္ဓာရှိဆဲလ်များကွဲခြင်းနှင့် မထိန်းချုပ်နိုင်အောင်ပွားခြင်းတို့ကြောင့် ကင်ဆာဆိုတဲ့ရောဂါ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ အလားတူဖြစ်စဉ်အတိုင်း အူမကြီးကင်ဆာဖြစ်စဉ် အများစုဟာလည်း အူတွေရဲ့အတွင်းဘက်ရှိ အကာအရံတွင်ရှိတဲ့ အလုံးငယ်လေးတွေ ပွားများလာခြင်းကြောင့် စတင်ဖြစ်ပေါ်လာပါတယ်။

>>  အူမကြီးကင်ဆာဖြစ်နှုန်းကို မြင့်တက်စေတဲ့အချက်တွေကတော့ -
(၁)  အသက်အရွယ်
အူမကြီးကင်ဆာဖြစ်နိုင်ချေဟာ အသက်ကြီးလာလေလေ မြင့်တက်လာလေပဲ ဖြစ်ပါတယ်။ အသက် ၆၀ ကျော်နှင့် ၇၀ ကျော်အုပ်စုများတွင် အဖြစ်များလေ့ရှိပြီး အသက် ၅၀ အောက်တွေအနေနှင့် မိသားစုမျိုးရိုးတွင် အူမကြီးကင်ဆာဖြစ်ဖူးသူများရှိပါက ဖြစ်ပေါ်နိုင်ချေ များပါတယ်။

(၂)  မျိုးရိုးဗီဇ
မိသားစုမျိုးရိုးတွင်းမှာ FAP ခေါ် အူလမ်းကြောင်းတွင်း အလုံးများရှိသူများနှင့် အူမကြီးကင်ဆာ ဖြစ်ဖူးသူများရှိပါကလည်း မိမိတွင် ဖြစ်ပေါ်နိုင်ချေများတာ သတိပြုသင့်ပါတယ်။ မိမိအနေနှင့် FAP ခေါ် အူလမ်းကြောင်းအတွင်း ကင်ဆာမဟုတ်သော အလုံးများရှိနေပါကလည်း တစ်ချိန်ချိန်မှာ ကင်ဆာအလုံးများအဖြစ် ပြောင်းလဲနိုင်ပြီး အသက် ၅၀ လောက်မှာ အူမကြီးကင်ဆာဖြစ်နိုင်ဖို့ ရာနှုန်းများနေပါတယ်။ ဒါကြောင့် အူလမ်းကြောင်းအတွင်းမှာ အလုံးတွေရှိနေပါက မပေါ့ဆသင့်ပါဘူး။

(၃)  မွေးရာပါအချက်များနှင့် မိသားစုရောဂါရာဇဝင်
အူမကြီးကင်ဆာဖြစ်သူများရဲ့ ၂၀ ရာနှုန်းလောက်ဟာ ဆွေမျိုးအရင်းအချာဖြစ်တဲ့ မိဘ သို့မဟုတ် မွေးချင်းတွေမှာ သော်လည်းကောင်း ဆွေမျိုးနီးစပ်တဲ့ အဘိုးအဘွား၊ ဦးလေး၊ အဒေါ်၊ တဝမ်းကွဲမောင်နှမတွေမှာလည်း အူမကြီးကင်ဆာဖြစ်ဖူးသူတွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။

(၄)  စားသောက်မှုပုံစံ
လေ့လာချက်များစွာအရ အနီရောင်အသားနှင့် ကြာရှည်ခံအောင် ပြုလုပ်ထားသော အသားတွေကို အစားများပြီး အမျှင်ဓာတ်နည်းပါးစွာ စားသူတွေမှာ အများဆုံး ဖြစ်လေ့ရှိတာ သိရှိရပါတယ်။

(၅)  အဝလွန်ခြင်း
အဝလွန်သောအမျိုးသားတွေဟာ သာမန်အမျိုးသားများထက် အူမကြီးကင်ဆာဖြစ်နှုန်း ၅၀ ရာနှုန်းလောက်တောင် ပိုမြင့်မားပါတယ်။
BMI ၄၀ ကျော်နေသူများမှာ အူမကြီးကင်ဆာဖြစ်နိုင်ချေ ၂ ဆလောက် မြင့်မားပါတယ်။ အဝလွန်သောအမျိုးသမီးတွေမှာလည်း အလားတူ ဖြစ်နိုင်ချေ ၂ ဆ ပိုမြင့်တာတွေ့ရပါတယ်။

(၆)  ဆေးလိပ်နှင့် အရက်သောက်ခြင်း
ဆေးလိပ်သောက်သူတွေအနေနှင့် အူမကြီးကင်ဆာဖြစ်နိုင်ချေ ၂၅ ရာနှုန်း မြင့်မားပါတယ်။ ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေဟာ ကင်ဆာဖြစ်နိုင်ချေ များစေတာကြောင့်ဖြစ်ပြီး အရက် အလွန်အကျွံသောက်သူတွေမှာလည်း အူမကြီးကင်ဆာ ဖြစ်နိုင်ချေများပါတယ်။

(၇)  ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
တစ်နေကုန် သက်သောင့်သက်သာနေသော လူနေမှုပုံစံရှိသူများနှင့် ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်သူများမှာ အူမကြီးကင်ဆာဖြစ်နိုင်ချေ မြင့်မားပါတယ်။ တစ်နေ့ကို အနည်းဆုံး ၂ နာရီခန့် သင့်တင့်သော လေ့ကျင့်ခန်း ပြုလုပ်သူများ သို့မဟုတ် ၁ နာရီခန့် ပြင်းထန်သောလေ့ကျင့်ခန်း ပြုလုပ်သူတွေမှာတော့ ဖြစ်နိုင်ချေ ၅ ပုံ ၁ ပုံခန့် လျော့ကျနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)