အေရွန်နှင့် ကျောက်ကပ်ရောင်ရောဂါ
အေရွန်ဆိုတဲ့ ကလေးလေးဟာ အသက် ၂ နှစ်ခွဲလောက်မှာ မျက်လုံးလေးတွေ ရုတ်တရက် ဖောင်းလာတာကို မိဘတွေက သတိပြုမိနောက်ပိုင်း နောက်ထပ်နှစ်ရက်အကြာမှာ အေရွန်ရဲ့ ခြေထောက်၊ ပေါင်နဲ့ မျက်လုံးတွေဟာ အလွန်အကျွံ ရောင်ကိုင်းလာပါတယ်။ ထိ်ပ်လန့်သွားတဲ့ မိဘနှစ်ပါးဟာ ဆရာ၀န်ဆီ ချက်ချင်းခေါ်သွားပြီး စစ်ဆေးမှု ခံယူတဲ့အခါမှာတော့ အေရွန်ရဲ့ ကျောက်ကပ်တွေက ပြဿနာ အကြီးကြီးတက်နေတာကို သိလိုက်ရပါတယ်။
‘Neghatic Synchrome’ လို့ခေါ်တဲ့ ကျောက်ကပ်ရောင်ရောဂါကြောင့် အေရွန်လေးဟာ ဖောင်းကားတင်းပြီး ဆီးမသွားနိုင်၊ သွားတဲ့ အနည်းငယ်သော ဆီးကလည်း အနည်အနှစ်တွေနဲ့ ရောဂါဒဏ်ကို အကြီးအကျယ် ခံခဲ့ရပါတယ်။ အေရွန်ကို အသားစစ်ဆေးချက်တွေ မကြာခဏ ပြုလုပ်ခဲ့ရပြီး တော်တော်နဲ့ မပျောက်နိုင် ဖြစ်ခဲ့ပါတယ်။ သွေးဖောက်လိုက် ဆေးသောက်လိုက် မပြတ်တန်းလုပ်ပေမယ့် ကလေးရဲ့သွေးပေါင်ဟာ မငြိမ်မသက်ဖြစ်နေပြီး ခန္ဓာကိုယ်ကလည်း ရောင်မြဲရောင်နေလျက်ပါဘဲ။ လူပင်ပန်း စိတ်ပင်ပန်း နေပေမယ့် မိဘတွေက လက်မလျှော့ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ ကျောက်ကပ်ဆရာ၀န်ရဲ့ ဂရုတစိုက်ကုသမှုနဲ့ မိဘတွေရဲ့ မလျှော့သောဇွဲတို့ကြောင့် အေရွန်လေး ပြန်ကောင်းလာပါတယ်။ စစ်ဆေးမှုပေါင်းများစွာ အပြီးမှာတော့ အေရွန်လေး ဆေးရုံဆင်းပြီး အိမ်ပြန်ခဲ့ရပါပြီ။
အေရွန်ဟာ တဖြည်းဖြည်း အသက်လည်းရလာတဲ့အခါ ကြီးထွားဖွံ့ဖြိုးမှုလည်း မြန်ဆန်လာပါတယ်။ တစ်ချိန်က ရောဂါဆိုးကြီးကို မေ့ပစ်နိုင်လောက်အောင် နေကောင်း ကျန်းမာနေပါပြီ။ ဒါပေမဲ့ ကျောက်ကပ်ရောင်ထားဖူးတဲ့ ကလေးတစ်ယောက်အနေနဲ့ ရှောင်ကြဉ်ရမယ့် အစားအစာတွေကိုတော့ ရှောင်နေရတုန်းပါပဲ။ အခုဆို ရောဂါပြန်မဖြစ်တော့တာ လေးနှစ်ကျော်သွားပြီလို့ သိရပါတယ်။ အေရွန့်ကျောက်ကပ်လေး ကံကောင်းနေဆဲပဲပေါ့။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























