/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အောက်ဆီဂျင်ကုထုံး

အောက်ဆီဂျင်ကုထုံး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အသက်ရှူကြပ်လို့ အောက်ဆီဂျင်ပေးတယ်ဆိုတဲ့ အရပ်စကားကို ကျွန်မတို့ မကြာခဏ ကြားရလေ့ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အောက်ဆီဂျင်ပေးခြင်း တစ်နည်းအားဖြင့် အောက်ဆီဂျင်ကုထုံးအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
●  အောက်ဆီဂျင်ကုထုံးဆိုတာဟာ ရောဂါတစ်ခုခုကြောင့် အောက်ဆီဂျင် လုံလောက်စွာ မရရှိသူများအား လိုအပ်သော အောက်ဆီဂျင်ပမာဏကိုပေးသော ကုသနည်းအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
●  အောက်ဆီဂျင်ဟာ ကျွန်မတို့ကိုယ်ထဲရှိ ဆဲလ်များနှင့်တစ်ရှူးများ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။
●  အခန်းတစ်ခုရှိ အောက်ဆီဂျင်ရာနှုန်းဟာ ၂၁ ရာနှုန်းသာရှိပြီး ထိုပမာဏဟာ ကျန်းမာသောလူတွေအတွက် လုံလောက်သော်လည်း အောက်ဆီဂျင်ကောင်းစွာမရရှိသော လူနာများအတွက်တော့ လုံလောက်ခြင်း မရှိနိုင်ပါဘူး။
●  အောက်ဆီဂျင် လုံလောက်စွာမရနိုင်သော လူနာတွေအတွက် အောက်ဆီဂျင်ပမာဏ ၃၀% ကနေ ၃၅% လောက်ပေးခြင်းဖြင့် သိသာသောတိုးတက်မှုကို ရရှိစေပါတယ်။
●  အောက်ဆီဂျင်ပေးတဲ့အခါမှာ နှာခေါင်းနှစ်ဖက်ဆီသို့ ဝင်ဆန့်သော ပလတ်စတစ်ပြွန်ငယ်နှစ်ခုနှင့် အောက်ဆီဂျင်ဖြည့်ထားသောအိုးကို ချိတ်ဆက်ပြီး ပေးပါတယ်။
●  ၁၀၀ ရာနှုန်း အောက်ဆီဂျင်လိုအပ်သော လူနာတွေအတွက်တော့ နှာခေါင်းကို အပြည့်အုပ်ထားသော မျက်နှာဖုံးကို တပ်ဆင်ရပါတယ်။
●  အောက်ဆီဂျင်ပေးခြင်းဖြင့် အသက်ရှူမဝခြင်း၊ ပင်ပန်းခြင်း၊ အိပ်မပျော်ခြင်းနှင့် အိပ်နေစဉ် အသက်ရှူရပ်ခြင်း ပြဿနာတွေကို သက်သာစေပြီး နာတာရှည်အဆုတ်ရောဂါသမားများကိုလည်း သက်တမ်းရှည်ကြာစေပါတယ်။

>>  သွေးတွင်းအောက်ဆီဂျင်ပမာဏကို နည်းပါးစေသောရောဂါများ
●  နမိုးနီးယား အဆုတ်ရောင်ရောဂါ
●  လမစေ့ဘဲမွေးသောကလေးများတွင် အသက်ရှူမဝခြင်းရောဂါ
●  ပန်းနာရင်ကြပ်ရောဂါ
●  နာတာရှည် အဆုတ်ရောဂါရှိသူများနှင့် နှလုံးအလုပ်မလုပ်သူများ
●  Cystic Fibrosis
●  အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း စသည်တို့ ဖြစ်ပါတယ်။

>>  အောက်ဆီဂျင်ရှူနေရသူများအနေနှင့်
●  စိတ်ရှူပ်ထွေးခြင်း၊ အလွန်စိတ်ပူပန်ခြင်း
●  အသက်ရှူစဉ် တရွီရွီမြည်ခြင်း၊ အသက်ရှူမဝခြင်း
●  ဖျားခြင်း၊ သလိပ်ထွက်ခြင်း စသော ပိုးဝင်ခြင်းလက္ခဏာများ
●  လက်ထိပ်နှင့် နှုတ်ခမ်းများပြာခြင်း စသော ပြဿနာများ ဖြစ်ပေါ်ပါက ချက်ချင်းဆေးရုံပြသဖို့ လိုပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)