အောင်မြင်ပျော်ရွှင် လုပ်ငန်းခွင်
တစ်ခါတစ်ရံမှာ မနက်စောစော အိပ်ရာက နိုးထလာချိန်ကတည်းက အလုပ်ဆိုတဲ့ အရိပ်ဆိုးကြီးက လိုက်လံ နှောင့်ယှက်တတ်ပါတယ်။ လက်ရှိအလုပ်ကို စိတ်မဝင်စား၊ မပျော်ပိုက်လို့သော်လည်းကောင်း၊ ကိုယ်ပိုင် ပြဿနာပေါင်း သောင်းခြောက်ထောင်ရဲ့ ဖိစီးမှုကြောင့်သော်လည်းကောင်း စိတ်ညစ်လေးလံနေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ မလွဲမရှောင်သာ လုပ်နေရဦးမယ့် အလုပ်ခွင်မှာ စိတ်ပျော်ရွှင် ကျေနပ်နေနိုင်အောင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်ကြပါစို့။
1. ကိုယ် အကြိုက်နှစ်သက်ဆုံး ဝတ်စုံလေးကို ထုတ်ဝတ်လိုက်ပါ။
ကိုယ်နဲ့ အလိုက်ဖက်ဆုံး၊ ကိုယ့်ရဲ့ အကြိုက်နှစ်သက်ဆုံး ဝတ်စုံလေးကို ဝတ်ဆင်ပြီး နေ့တစ်နေ့တာကို စတင်ကြည့်လိုက်ပါ။ သီးသီးသန့်သန့် သိမ်းထားတဲ့ဝတ်စုံပင် ဖြစ်နေပါစေ။ မနှမြောနေဘဲ ထုတ်သာဝတ်လိုက်ပါ။ ကိုယ့်ကိုယ်ကို စိတ်ကျေနပ် ယုံကြည်မှု ရှိနေဖို့က အဓိကပါပဲ။
2. အလုပ်စားပွဲကို စနစ်တကျ ရှင်းလင်းလိုက်ပါ။
အလုပ်စားပွဲပေါ်မှာ ရှိနေတဲ့ စာရွက်ပုံတွေ၊ သောက်လက်စ ကော်ဖီခွက်တွေ၊ အမှိုက်သရိုက်တွေဟာ စိတ်ရှုပ်ထွေး လေလွင့်စေပါတယ်။ ဒါကြောင့် အလုပ်မစခင် မိနစ်ပိုင်းလောက်မျှ အချိန်ယူပြီး မလိုအပ်တာတွေကို အမှိုက်ပုံးထဲသာ ပစ်လိုက်ပါ။ သန့်ရှင်းသပ်ရပ်နေတဲ့ အလုပ်စားပွဲဟာ အလုပ်ရှင်သူဌေးကိုရော၊ ကာယကံရှင်ကိုပါ စိတ်ကြည်နူးမှုပေးမှာ အမှန်ပါပဲ။ အကယ်၍ တတ်နိုင်ရင် စားပွဲကို မိသားစု အပေါင်းအသင်းပုံတွေ၊ ရာသီအလိုက် အလှအပပစ္စည်းလေးတွေနဲ့ အလှဆင်နိုင်ပါသေးတယ်။ စိတ်ကြည်လင် ချမ်းမြေ့လာမှာ မုချဧကန် ဖြစ်ပါတယ်။
3. ငါးကန်လေးတွေ အပင်လေးတွေနဲ့ အလှဆင်ကြည့်ပါ။
ကွန်ပျူတာ တစ်ချိန်လုံး သုံးနေရတဲ့ အလုပ်ခွင်တွေမှာ အလှသစ်ပင်ပန်းမန် စိုက်ပျိုး အလှဆင်ထားခြင်းဟာ အလုပ်တွေကို ပိုမိုပြီးမြောက်စေတဲ့အပြင် သွေးတိုးခြင်မှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ အပင်လေးတွေက စိတ်ညောင်းညာမှုတွေကို ပြေလျော့စေတဲ့အတွက် အခုပဲ ပန်းအိုးလေးတွေဝယ်ပြီး အလှဆင်လိုက်ပါ။ ဒါ့အပြင် သိပ်အပန်းမကြီးတဲ့ ဒေါင်းငါးလေးတစ်ကောင်လောက် မွေးထာခြင်းက သင့်ကို တစ်နေ့တာ အဖော်ပြုမယ့် မိတ်ဆွေကောင်းလေး ရစေမှာပါ။
4. နေ့လယ်စာကို ရှယ်စားလိုက်ပါ။
နေ့လယ်စာ ကောင်းကောင်းစားသုံးခြင်းက တစ်နေ့တာကို ပိုမိုအသက်ဝင်စေမှာပါ။ ဝစေတဲ့ အစားအသောက် ဖြစ်ပါစေ၊ ဈေးကြီးတဲ့ အစားအသောက် ဖြစ်ပါစေ၊ ဂရုမစိုက်ဘဲ ကိုယ်ကြိုက်နှစ်သက်ရာ နေ့လယ်စာတစ်နပ်ကို မှာစားကြည့်လိုက်ပါ။ ဖြစ်နိုင်ရင် ချစ်သူ ဒါမှဟုတ် အပေါင်းအသင်း သူငယ်ချင်း တစ်ယောက်ယောက်နဲ့ အတူတူ စကားစမြည်ပြောရင်း စားသောက်လိုက်ပါ။ တစ်နေ့တာလုံးအတွက် အားအင်တွေ ရလာမှာပါ။
5. နေ့လယ်စာစားချိန်ကို အလုပ်စားပွဲမှာ မကုန်ဆုံးပါစေနဲ့။
နေ့လယ်စာစားချိန်မှာ စိတ်ကို အပန်းပြေစေနိုင်မယ့် တစ်နေရာရာမှာ ရွေးချယ်စားသင့်ပါတယ်။ နေသာ နွေးထွေးတဲ့နေ့မျိုးမှာ အပြင်ဘက် နေရောင်ခြည်ကို ခံယူရင်း အေးအေးဆေးဆေး စားသင့်ပါတယ်။ ရာသီဥတု မှိုင်းပျနေရင်တော့ တိတ်ဆိတ်တဲ့ အစည်းအဝေး အခန်းမျိုးမှာ လွတ်လွတ်လပ်လပ် စိတ်ဖြေလျော့သင့်ပါတယ်။ သီးချင်းနားထောင်တာ၊ ပုံဆွဲတာ စတဲ့ ကိုယ်ဝါသနာပါရာကို လုပ်ကိုင်အနားယူရင်း အင်အား ပြန်လည်ဖြည့်တင်းသင့်ပါတယ်။
6. အချို များများစားပေးပါ။
မုန့်လုပ်ရတာ ဝါသနာပါသူတွေဟာ အလုပ်ကို မုန့်လေးတွေ လုပ်ယူလာခြင်းအားဖြင့် ဆာလောင်တဲ့အချိန် အဆင်သင့် စားသုံးနိုင်တဲ့အပြင် စိတ်ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ ဒါတင်မက ပိုနေသေးတဲ့မုန့်တွေကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝေမျှရင်း အချင်းချင်း ပြဿနာတွေ တိုင်ပင်ဆွေးနွေး ရင်ဖွင့်နိုင်ပါသေးတယ်။
7. ရုံးကို တစ်ပတ် လမ်းလျှောက်လိုက်ပါ။
အာရုံတွေ ထွေပြားလာတဲ့အခါမှာဖြစ်စေ၊ ပင်ပန်းငြီးငွေ့လာတဲ့အခါမှာဖြစ်စေ၊ ရုံးခန်းထဲမှာ လမ်းတစ်ပတ် လျှောက်ကြည့်လိုက်ပါ။ လမ်းပတ်လျှောက်ရင်း ဆုံတွေ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြော၊ မုန့်ဝေမျှစားရင်း ကျနေတဲ့စိတ်ဓာတ်တွေကို ပြန်ဆွဲတင်လိုက်ပါ။ ဒီလိုလမ်းလျှောက်ခြင်းဟာ ပိုလျှံနေတဲ့ ကယ်လိုရီတွေကိုတောင် လောင်ကျွမ်းစေနိုင်ပါသေးတယ်။
လုပ်ငန်းခွင်မှာ ဘာတစ်ခုမှ အဆင်မပြေဘူးလို့ တွေးထင်မိတဲ့ အချိန်မျိုးမှာ စိတ်ဓာတ်မကျပါနဲ့။ ကမ္ဘာပေါ်မှာ တချို့တစ်ဝက်သောလူတွေဟာ အလုပ်လက်မဲ့တွေ ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်အလုပ်ကို ကိုယ် ကျေနပ်နှစ်သိမ့်လိုက်ပါ။ ရက်သတ္တပတ်တစ်ပတ်မှာ ငါးရက်လုံးလုံး အလုပ်ခွင်မှာ အချိန်ကုန်နေရတဲ့အတွက် စိတ်ပျက်နေမယ့်အစား အကောင်းမြင်စိတ်လေး မွေးလိုက်ပါ။ ပျော်စရာလေးတွေ ရှာဖွေတွေးလိုက်ပါ။ ဘယ်နေရာမှာမဆို နေပျော်လာပါလိမ့်မယ်။ ကဲ ... စာဖတ်သူတွေရော အလုပ်ခွင်ကို ဘယ်လိုနေပျော်အောင် ဖန်တီးကြသလဲ? နည်းလမ်းကောင်းလေးတွေကို အချင်းချင်း လက်တို့ ဝေမျှလိုက်ရအောင်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























