ဦးနှောက်စွမ်းဆောင်ရည်အတွက်လိုအပ်တဲ့ ဒြပ်ပေါင်း
တရုတ်နံနံ၊ လေးညှင်း၊ ပင်စိမ်း၊ မြင်းခွာရွက်၊ ပဲပိုးတီ၊ ပက်ပါမင့်ဆီ၊ နွယ်ချို၊ ငရုပ်ပွအနီမှာပါရှိတဲ့ apigenin ဒြပ်ပေါင်းဟာ ဦးနှောက်ဆဲလ်ကြားရှိ ဆက်သွယ်မှုကိုအားကောင်းစေနိုင်ကြောင်း သုတေသီတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။
၎င်း apigenin သဘာ၀ဒြပ်ပေါင်းဟာ အာရုံကြောဆဲလ်တွေကို ပိုမိုသန်မာစေပြီး ၎င်းအာရုံကြောဆဲလ်တစ်ခုနဲ့တစ်ခုအကြား ဆက်သွယ်မှုတွေကို ကောင်းမွန်စေပါတယ်။ အာရုံကြောဆဲလ်တွေအကြား ခိုင်မာတဲ့ဆက်သွယ်မှုရှိခြင်းဟာ ဦးနှောက်စွမ်းရည်ကောင်းစေဖို့၊ အာရုံစူးစိုက်နိုင်စွမ်းအားကောင်းစေဖို့နဲ့ သင်ယူလေ့လာနိုင်စွမ်းကောင်းစေဖို့အတွက် အင်မတန်မှအရေးပါပါတယ်။
Apigenin သဘာ၀ဒြပ်ပေါင်းဟာ အာရုံကြောဆဲလ်အဖွဲ့အစည်းဖွ့ံဖြိုးမှု၊ ရင့်ကျက်မှု၊ လုပ်ဆောင်မှု၊ ပျော့ပျောင်းမှုအပေါ်သက်ရောက်စေတဲ့ estrogen receptor ပူးပေါင်းဆောင်ရွက်ခြင်း ရှိပါတယ်။ ၎င်း estrogen ဟော်မုန်းက စိတ်ရောဂါ၊ အာရုံကြောချို့ယွင်းမှုရောဂါတွေဖြစ်တဲ့ စိတ်ကစဥ့်ကလျားရောဂါ၊ စိတ်ကျရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါဖြစ်နှုန်းကိုလည်း နည်းအောင်လုပ်ဆောင်ပေးနိုင်တဲ့အတွက် ၎င်းဟော်မုန်းနဲ့ apigenin သဘာ၀ဒြပ်ပေါင်း ပူးပေါင်းဆောင်ရွက်ခြင်းဟာ အာရုံကြောဆဲလ်တွေမှာ ကောင်းကျိုးများသာဖြစ်စေပါတယ်။
ဒါကြောင့် သုတေသီတွေက apigenin ဟာ အာရုံကြောချို့ယွင်းတဲ့ရောဂါတွေ ကုသပေးနိုင်တဲ့ ဆေးစွမ်းကောင်းအဖြစ်လက်ခံယုံကြည်ကြပါတယ်။ ဦးနှောက်စွမ်းရည်ကောင်းစေဖို့အတွက် apigenin ပါ၀င်တဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်လို့လည်း အကြံပြုထားပါတယ်။
Cho Thet






























