/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဦးနှောက်တွင်း-အကျိတ်တည်တဲ့-လက္ခဏာတွေက-ဘာတွေလဲ

ဦးနှောက်တွင်း အကျိတ်တည်တဲ့ လက္ခဏာတွေက ဘာတွေလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    ကြောက်စရာရောဂါတစ်ခုဖြစ်တဲ့ ဦးနှောက်တွင်း အကျိတ်ရောဂါဖြစ်တဲ့အခါ ဘာတွေခံစားရနိုင်သလဲ?

          သူ့အလိုလို တည်လာတဲ့ ဦးနှောက်အကျိတ်လေးဟာ တစ်စတစ်စ ကြီးထွားလာတာနဲ့အလျောက် ခံစားရမယ့် အရေးကြီးလက္ခဏာတွေ ရှိပါတယ်။

 

       ခေါင်း အဆက်မပြတ် ကိုက်ခြင်း

          ရိုးရိုးခေါင်းကိုက်တာနဲ့ ဦးနှောက်အကျိတ်တည်လို့ ခေါင်းကိုက်တာ ဘာကွာနိုင်လဲ။ ရိုးရိုးခေါင်းကိုက်တာက သူ့အလိုလို သက်သာသွားတတ်ပြီး အကျိတ်ခေါင်းကိုက်ကတော့ မနက်အစောတွေမှာ ပိုဆိုးပါတယ်။ အကြာကြီးအိပ်ပြီး ထလိုက်တဲ့အခါ ဦးနှောက်တွင်းဖိအား ဆောင့်တက်လာတဲ့အတွက် တဆစ်ဆစ်နဲ့ ထိုးကိုက်လာတာ ဖြစ်ပါတယ်။ ဦးနှောက်အကျိတ် သေးတာ၊ ကြီးတာကလည်း ခေါင်းကိုက်အနည်းအများနဲ့ မဆိုင်ပါဘူး။ အကျိတ်ကြောင့် ခေါင်းကိုက်တာဟာ သူမတူအောင်ဆိုးပြီး ဆက်တိုက် ကိုက်ခဲတာ ဖြစ်ပါတယ်။

 

       မျက်လုံးတစ်ဖက်ကွယ်ခြင်း၊ မျက်လုံးအာရုံ ချို့ယွင်းခြင်း

          ပစ်ကျူထရီအကျိတ်တွေမှာ မျက်စိမှုန်တာ၊ ဝါးတာ၊ တစ်ခြမ်းမမြင်ရတာတွေ ဖြစ်နိုင်ပါတယ်။ အကျိတ်က မျက်လုံးအာရုံကြောကို ဖိနှိပ်ထားတဲ့အတွက် ဖြစ်ပါတယ်။

 

       အလိုလိုနေရင်း အားပြတ်ပြီး မလှုပ်ချင် မကိုင်ချင်ဖြစ်ခြင်း

          သေချာတာကတော့ ဦးနှောက်ညာဘက်ခြမ်းမှာ အကျိတ်တည်နေလို့ပါ။ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားနိုင်တဲ့ကြွက်သားတွေကို ထိန်းချုပ်တဲ့ အာရုံကြောအပိုင်းတွေမှာ အကျိတ်တည်နေတဲ့အတွက် ခြေတွေ၊ လက်တွေ ပျော့လာအားမရှိလာသလို ခံစားနေရတာပါ။

 

       စကားပြောရ ခက်ခဲလာတယ်

          စကား ထစ်လာမယ်၊ ပြောဖို့ ခက်လာမယ်၊ ဘာပြောမှန်းဆိုလိုမှန်း နားမလည်ဘူးဆိုတာက ရှေ့ဦးနှောက်နဲ့ နားထင်နေရာ ဦးနှောက်ပိုင်းတွေမှာ အကျိတ်တည်နေလို့ပါ။ ပြောတဲ့အပိုင်းနဲ့ ပြောတာကို နားလည်တဲ့အပိုင်း ဦးနှောက်နေရာတွေမှာ အကျိတ်တည်နေတတ်ပါတယ်။

 

       စိတ်ဆတ်တယ် အပြောင်းအလဲ မြန်လာမယ်

          စိတ်အပြောင်းအလဲ မြန်လာတာ အပြုအမူပုံစံတွေ ပြောင်းလဲလာတာ တခြားလူတယောက်လို ဖြစ်သွားတာက ဦးနှောက်အကျိတ်ကြောင့် ဖြစ်နေတတ်ပါတယ်။ အပြုအမူနဲ့ တွေးခေါ်မှုဆိုင်ရာ ဦးနှောက်ပိုင်းကို ထိခိုက်နေလို့ ဖြစ်ပါတယ်။

 

       နားတွင်း တအုန်းအုန်း မြည်နေတာ၊ နားအူတာ၊ နား မကြားရတာ

          နားထင်ဘက်ခြမ်း ဦးနှောက်မှာ အကျိတ်တည်တဲ့အခါ အကြားအာရုံ ချို့ယွင်းတာ၊ နား သိပ်မကြားတာတွေ ဖြစ်လာစေပါတယ်။

 

       လမ်းလျှောက်ရင်း ဒယိမ်းဒယိုင်ဖြစ်တာ၊ ကိုယ်နေဟန်ထား မထိန်းနိုင်တာ

          ဦးနှောက်အညှာနားက ဆယ်ရီဘယ်လမ် ဦးနှောက်နေရာမှာ အကျိတ်တည်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အကြောင်းမရှိဘဲ မကြာခဏလဲပြိုမယ် ခြေတုန်၊ လက်တုန်မယ် ကိုယ်နေဟန်ချက် မထိန်းနိုင်ဘဲ လဲပြိုနေတတ်မယ် ဆိုရင်တော့ ကိုယ်နေဟန်ထားကို ထိန်းချုပ်တဲ့ မျှခြေထိန်းဦးနှောက်နေရာမှာ အကျိတ်တည်နေပြီလားလို့ စတင်စဉ်းစားကြဖို့ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)