၀မ်းချုပ်တတ်သူတွေ စမြင်းတုံးခံတဲ့အခါ ဘာတွေဖြစ်နိုင်လဲ
ကြာရှည်ဝမ်းချုပ်တတ်သူတွေ၊ ခွဲစိတ်ကုသမှု ခံယူထားသူတွေ၊ အိပ်ရာထဲက နာတာရှည် လူမမာတွေ၊ ရေသောက်နည်းသူတွေ၊ တချို့ဆေးဝါးတွေ သောက်သုံးနေရသူတွေဟာ ဝမ်းချုပ်မယ့်အန္တရာယ် ရှိနေပါတယ်။
ဒါပေမဲ့ ဝမ်းချုပ်တဲ့အခါ ခဏပဲချုပ်ပြီး ပြန်သွားတတ်သလို ဝမ်းက အထဲမှာ မာခဲပြီး စမြင်းတုံးအနေနဲ့ တစ်သွား၊ ပိတ်ဆို့သွားတဲ့အခါ ဒီလိုလက္ခဏာလေးတွေ ဖြစ်လာပါတယ်။
● ဝမ်းအရည်တွေ သွားမယ်။
● ဗိုက်ထဲမှာ လေပွနေမယ်။
● ဗိုက် တင်းနေမယ်။
● ဗိုက် ရစ်နာမယ်။
● မကြာခဏ ဝမ်းသွားချင်သလိုဖြစ်မယ်။
● အစာ မစားချင်ဘူး။
● ပျို့မယ်၊ အန်ချင်မယ်။
ဒီလို လက္ခဏာတွေရှိတဲ့အခါ ကြာရှည်ဝမ်းချုပ်လာသူတွေမှာ စမြင်းတုံး သို့မဟုတ် ဝမ်းအမာတုံး ပိတ်နေပြီဆိုတာ ပြပါတယ်။
>> စမြင်းပိတ်တဲ့အခါ ဘာတွေလုပ်လို့ရလဲ?
● ဝမ်းပျော့ဆေးပေး ကုသပါတယ်။ သူ့ဟာသူ ပျော်ဆင်းပြီး ဝမ်းသွားစေတာပါ။
● ဆရာဝန်က လက်နဲ့ နှိုက်ထုတ်ပါတယ်။ မနာအောင် ချောဆီ တစ်ခုခုသုံးပြီး စအိုကနေ လက်ညှိုးထည့်ကာ နှိုက်ထုတ်ပေးတာပါ။
● ဝမ်းချူမယ်၊ စအိုထဲကို ဝမ်းပျော့စေမယ့် အရည်ညှစ်ထည့်လိုက်ပြီး ပူပေါင်းလေးကို ညှစ်ထုတ်ကာ အထဲစမြင်းတုံးကို ချောမွေ့ပျော့ဆင်းစေတာပါ။
စမြင်းတုံးခံတဲ့အခါ ဆရာဝန်က စအိုကို လက်ညှိုးနဲ့ စမ်းသပ်ပါမယ်။ လိုအပ်ရင် ဓာတ်မှန်ရိုက်ကူးကြည့်ပြီး အပေါ်ရောက်သလား၊ အောက်ကနေ ထုတ်လို်ရမလား စမြင်းတုံးခံတာ သေချာလား ကြည့်ပါလိမ့်မယ်။
>> စမြင်းတုံး ခံတဲ့အခါ ...
● လိပ်ခေါင်း ဖြစ်လာမယ်။
● စအိုဝ ကွဲနာဖြစ်မယ်။
● စအို သွေးယိုမယ်။
● အူနံရံတွေ စုတ်ပြဲနိုင်မယ်။
ဒါကြောင့် ဝမ်းမချုပ်ရေး စမြင်းမခံရေးအတွက် ဒါလေးတွေ လိုက်နာနော်။
● ရေများများ သောက်ပါ။
● သဘော်သီး၊ သရက်သီး စသည် အမျှင်ပါသောအသီး စားပါ။
● ကော်ဖီ၊ လက်ဖက်ရည် လျှော့ပါ။
● ပေါင်မုန့်၊ ကိတ်မုန့် လျှော့၊ သကြားနဲ့ အချို လျှော့စားပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























